ပါတီတွေ အခက်အခဲချင်း မတူ

  • 30 ဩဂုတ် 2010
party elections
Image caption ရွေးကောက်ပွဲ လွှတ်တော်နယ်မြေကြေညာ

သြဂုတ်လ ၃၀ ရက်နေ့ဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံးထားတင်သွင်းရမယ့်နေ့ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေဟာ အချိန်မီ စာရင်း တင်နိုင်အောင် အလုအယက် ကြိုးစား ခဲ့ကြပေမယ့်မျှော်လင့်သလို ဖြစ်မလာတဲ့ ပါတီတွေက များနေပါတယ်။

“အရင်တုန်းကတော့ လူ ၁၀၀ ကျော် ကိုယ့်ငွေနဲ့ ကိုယ် စာရင်းတင်သွင်းဖို့ပါပဲ ဒါပေမယ့် ရုတ်တရက်ကြီးဆိုသလို ဒီရက်အတွင်းအပြီးတင်သွင်းရမယ်ဆိုတော့ကာ ကိုယ့်ဟာနဲ့ကို ငွေသွင်းမယ့်လူဆိုတာကလည်း ရှာရမယ့်လူက များနေတယ် တချို့ ကြပြန်တော့ ဒီ၃၁ ရက်ကြမှ ချေးမယ့်သူကလည်း ချေးနိုင်မယ်ဆိုတော့ကာ ခေါက်ချိုးမက လူ လျော့ သွားရတယ်” ဆိုပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။

“ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာဟာ နိုင်ငံအတွက် အလုပ်တွေကို လုပ်ကိုင်ဆုံးဖြတ်ပေးမယ့်လူတွေဖြစ်ပါတယ် ဒါပေမယ့် ရွေးချယ်ဖို့ အချိန်တိုတောင်းတော့ စိတ်တိုင်းကျမဖြစ်ခဲ့ပါဘူး၊ ငွေရေးကြေးရေးအခက်အခဲကြပြန်တော့လည်း အလှူခံနေကြရပါတယ်” ဆိုပြီး NDF အမျိုးသားဒိမိုကရေစီအင်အားစု အတွင်းရေးမှူး ဦးစိုးဝင်းကလည်း ဘီဘီစီကိုပြောပါတယ်။

NDF ပါတီအနေနဲ့ကိုယ်စားလှယ်လောင်း ၁၅၀ လောက် အမည်စာရင်းတင်ထားနိုင်တယ်လို့ လည်း သိရပါတယ်။

“ တစည ပါတီက ၈၈ ကတည်းက ထူထောင် ထားတဲ့ပါတီဖြစ်တယ်၊ ၉၀ ခုနှစ်ရွေး ကောက်ပွဲတုန်းကလည်း ဝင်ပြိုင်ထားတဲ့ပါတီ ဖြစ်တော့ အကြုံတွေ့ ရှိပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက် ချိန်ကစပြီး ကိုယ်စားလှယ်လောင်း တွေကြိုပြီး ရှာဖွေထားတယ်၊တချို့က ကိုယ့်ကိုယ်တိုင် ထည့်ဝင်စိုက်ထုတ်ပြီး မှတ်ပုံတင်ကြတယ်၊ မတတ်နိုင်တဲ့ သူကြတော့ ပါတီက တစုံတရာ ကူညီထည့်ဝင် ပေးကြတယ် ဒါကြောင့်မို့ ကျနော်တို့ မှာ အခက်အခဲတွေကို ကျော်လွှား နိုင်တဲ့အခြေအနေရှိပါတယ်” လို့တခြားပါတီတွေနဲ့မတူ အခက်အခဲမရှိတဲ့ တချိန်က မြန်မာ့ဆိုရှယ်လစ်ပါတီကြီးကို အမည်ပြောင်းလဲထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ရဲ့ပြောခွင့်ရသူ ဦးဟန်ရွှေက ဘီဘီစီကို ရှင်းပြပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ကိုယ်စားလှယ်လောင်း ၉၉၀ ကို အမည်စာရင်းတင်သွင်းထားနိုင်တယ်လို့သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ စည်းကမ်းဥပဒေအမျိုးမျိုးအပြင် ဒီလို အာဏာသုံးပြီး ထိန်းချုပ်နေတဲ့အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း ရတာနဲ့တင် ရွေးကောက်ပွဲအဖြေက ထွက်နေမလားဆိုပြီး ဝေဖန်သူတွေက ထောက်ပြခန့်မှန်းနေကြပါတယ်။