နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဟဲလို စာစောင် ဖြန့်ဝေ

  • 1 စက်တင်ဘာ 2010

စက်တင်ဘာလ (၂) ရက်နေ့မှာ ကျရောက်မယ့် ဘီဘီစီ မြန်မာ ဌာန စတင် အသံလွှင့်ခဲ့တဲ့ နှစ် (၇၀) ပြည့် အထိမ်း အမှတ် အဖြစ် ဘီဘီစီရဲ့ ဟဲလို သတင်း လွှာကို ဗုဒ္ဓဟူးနေ့က စတင် ဖြန့်ဝေခဲ့ ပါတယ်။

Image caption ဟဲလို သတင်းလွှာကို စိတ်ဝင် တစား ဖတ်နေ

မြန်မာ နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရောက် အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အဓိက ရည်ရွယ် ဖြန့်ချိတဲ့ ဟဲလို သတင်းလွှာကို ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့က အလုပ်သမားတွေ ရှိရာ စက်ရုံတွေဆီ ကိုလည်း သွားရောက် ဖြန့်ဝေ ပေးခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ကတော့ ဘီဘီစီ မြန်မာ ဌာနမှူး ဒေါ်တင်ထားဆွေနဲ့ ဝိုင်းတော်သား တချို့ က ဘီဘီစီနဲ့ ပတ်သက်ပြီး ပိုမို သိရှိစေဖို့ မဲဆောက်မြို့ စျေးထဲမှာ သောတရှင်တွေ နဲ့ တိုက်ရိုက် တွေ့ဆုံပြီး ရှင်းလင်း ပြောခဲ့ကြပါတယ်။ အဲဒီမှာတင် သတင်းလွှာ စောင်ရေ ငါးရာ ကုန်သွားခဲ့ပါတယ်။

အဲဒီမှာ သောတရှင်တွေ သိလိုတဲ့ မေးခွန်းတွေကို ဘီဘီစီ အဖွဲ့သားတွေက ရင်းရင်းနှီးနှီး ပြန်လည် ဖြေကြားပြီး ဘီဘီစီ တံဆိပ် ပါတဲ့ လက်ဆောင် တွေကို ဝေငှခဲ့ကြပါတယ်။

Image caption ဘီဘီစီ အာရှ ပစိဖိတ် အယ်ဒီတာ နဲ့ ဝိုင်းတော်သား များရဲ့ မဲဆောက်စျေးထဲက လှုပ်ရှားမှု မြင်ကွင်း

ဒါ့အပြင် ဗုဒ္ဓဟူးနေ့ ညနေက ထိုင်းနိုင်ငံ မဲဆောက်မြို့က မဲဆောက်ဟေးလ် ဟိုတယ်မှာ မြို့နယ် ထိုင်းအာဏာပိုင်တွေ၊ သတင်းထောက် တွေကို ဖိတ်ကြားပြီး ဘီဘီစီ ဝိုင်းတော်သား တွေ က နှစ် (၇၀) ပြည့် အထိမ်းအမှတ် ညစာ စားပွဲ ပြုလုပ်ခဲ့ ပါတယ်။

ဘီဘီစီရဲ့ အာရှနဲ့ ပစိဖိတ် ဌာန အယ်ဒီတာ Neil Curry က ဘီဘီစီ မြန်မာ ဌာနနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြခဲ့တဲ့ အထဲမှာ ဘီဘီစီဟာ မြန်မာ နို်ငငံသားတွေ အတွက် သတင်း တွေ အပြင် တခြား ဗဟုသုတ ရနိုင်မယ့် အကြောင်း အရာတွေကို နှစ်ပေါင်း (၇၀) ကြာအောင် ထုတ်လွှင့်လာခဲ့တာ ဖြစ်တယ်၊ နောင်ကိုလည်း ပိုမို ကောင်းမွန်အောင် ဆက်လက် ပြီး ကြိုးစား သွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။