ရှမ်းပါတီ အလားအလားကောင်းလို့ ပြော

  • 1 စက်တင်ဘာ 2010
SNDP
Image caption ကျားဖြူပါတီလို့ လူတွေ ခေါ်ကြတဲ့ SNDP ဟာ ရှမ်းပြည်နယ်ကို အထူးအာရုံစိုက် စည်းရုံး

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ရှမ်းပြည်နယ်အတွင်းမှာ အနိုင်ရဖို့ အလားအလာကောင်းကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၃၀ ရက်နေ့က နောက်ဆုံးထား စာရင်းပေးသွင်း ခဲ့ကြရာမှာ SNDP ပါတီက အမတ်နေရာ စုစုပေါင်း ၁၅၇ နေရာ ဝင်ပြိုင်ဖို့ စာရင်းပေးခဲ့ပါတယ်။

လက်ရှိအနေအထားမှာ ကြံ့ခိုင်ရေးနဲ့ တစညပါတီပြီးရင် ဝင်ပြိုင်မယ့် အမတ်အင်အား အများဆုံးပါတီ ဖြစ်လာဖွယ်ရှိပါတယ်။

ရှမ်းပြည်နယ်တွင်းမှာ ၁၁၂ နေရာနဲ့ ကျန်တဲ့ ကချင်ပြည်နယ်နဲ့ စစ်တိုင်းတိုင်းက နေရာတချို့မှာ ၄၅ နေရာ ဝင်ပြိုင်ခဲ့တယ်လို့ ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

ကယားပြည်နယ်တွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ပြင်ဆင်ချိန်နည်းတာနဲ့ သွားလာရေးမှာ အတားအဆီး အခက်အခဲတွေရှိခဲ့တာကြောင့် ဝင်ပြိုင်ဖို့ စာရင်း မပေးနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်တွင်းမှာ လောလောဆယ် ရှမ်းတိုင်းရင်းသားပါတီထဲက တစ်ခုပဲ ရှိသလို အခုပါတီက ခေါင်းဆောင်တွေဟာ ၉၀ ရွေးကောက်ပွဲမှာ ဒုတိယအမတ်နေရာအများဆုံးရတဲ့ SNLD ကနှုတ်ထွက်ထားတဲ့ သူတွေဖြစ်တဲ့အတွက် ရှမ်းလူထုကို စည်းရုံးရတာ သိပ်မခက် ဘူးလို့ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

ရှမ်းပြည်နယ်တွင်းမှာ အဓိက ယှဉ်ပြိုင်ရမယ့်ပါတီက လက်ရှိအစိုးရဝန်ကြီးတွေပါဝင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် မယှဉ်နိုင်စရာ အကြောင်းမရှိ ဘူးလို့ SNDP ဒုဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။