မွန်ပြည်သစ်ရဲ့ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ပြီလား

  • 2 စက်တင်ဘာ 2010
Mon Soldiers
Image caption မွန်ပြည်သစ်ပါတီ ရဲဘော်များ

မြန်မာအစိုးရက တောင်းဆိုထားတဲ့ လက်နက်ချရေးအစီစဉ်ကို မွန်ပြည်သစ်ပါတီက လက်မခံတဲ့အကြောင်း အကြောင်းပြန်လိုက်တယ်လို့ သိရပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စုမူနဲ့ ဒီမိုကရေစီစနစ်အောက်ကို တပ်မတော်တစ်ခုတည်း ရှိရမည်ဆိုတဲ့မူကိုရော ဒီမူနဲ့ လိုက်လျောညီထွေဖြစ်ပြီး တပ် အသွင်ကူးပြောင်းရေးမူကိုတော့ လက်ခံနိုင်တာရှိပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို ပြည်ထောင်စုတပ်မတော်ရဲ့ အစိတ်အပိုင်း အဖြစ်ပါဝင်စေပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ပြည်နယ်ကာကွယ်ရေးတပ်အနေဖြင့် ရှိသင့်ကြောင်း တင်ပြထားပြီးဖြစ်တယ်၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မပြီးပြတ်သေးဘူးဆိုရင်တော့ ဒီတပ်အသွင်ကူးပြောင်းရေးကိစ္စကိုရော လက်နက်စွန့်ဖို့ကိစ္စကိုရော မွန်ပြည်သစ်ပါတီအနေနဲ့ လက်မခံနိုင်ပါကြောင်း အကြောင်းပြန်ထားတာ ရှိတယ်” လို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာနတာဝန်ခံ နိုင်ဟံသာဘွန်ခိုင်က ဘီဘီစီကို ပြောပါတယ်။

စစ်အစိုးရကတော့ ဒေသခံပြည်သူ့စစ်ဖွဲ့ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သလို ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာလည်း အရှေ့တောင်ပိုင်း စစ်ဌာနချုပ်က ပြင်းထန်တဲ့စကားလုံးတွေနဲ့ မွန်ပြည်သစ်ပါတီကို ရာဇသံပေးလိုက်တယ်လို့ သိရပါတယ်။

“လက်နက်စွန့်လွှတ်ရေးဆောင်ရွက်မှုကို ၁၊ ၉၊ ၂၀၁၀ နေ့နောက်ဆုံးထား ဆောင်ရွက်ရပါမည်၊ လက်နက်စွန့်လွှတ်ရေးကို ဆောင်ရွက်မှုမပြုပဲ ထိုနေ့ထက်ကျော်လွန်၍ လက်နက်ကိုင်ဆောင်မည်ဆိုပါက နဂိုမူလ သောင်းကျန်းသူအဖြစ် သတ်မှတ်လိုက်မည်ဖြစ်ပြီး မိမိတို့ကလည်း ဥပဒေအရ တရားဝင်ဆက်ဆံဆက်သွယ်ခွင့်မရှိကြောင်း ” ရေးသားထားသည့် စစ်အစိုးရ၏ ရာဇသံကို နိုင်ဟံသာဘွန်ခန်က ဘီဘီစီကို ကိုယ်တိုင်ဖတ်ပြပါတယ်။

ဒီစာအတိုင်းဆိုရင်တော့ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ ချုပ်ဆိုထားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီလို့ဆိုရမှာပါ။

ဒါကြောင့်မို မနေ့ကစပြီး မွန်ပြည်သစ်ပါတီဟာ ရှိသမျှရုံးတွေပိတ်ပြီး စစ်ရေး ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။