ဗိုလ်ချုပ်သန်းရွှေ တရုတ်ပြည် သွားမယ်

  • 2 စက်တင်ဘာ 2010
Than Shwe
Image caption စက်တင်ဘာလဆန်းမှာ တရုတ်နိုင်ငံ သွားမယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ဟာ စက်တင်ဘာ လ ၇ ရက် ကနေ စက်တင်ဘာလ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ယုက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာတရုတ်နယ်စပ်တည်ငြိမ် အေးချမ်းရေးကို အထူးလိုလားတဲ့ နိုင်ငံဖြစ်ပြီး မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှု တွေကိုလည်း လျော့နည်း တိုးတိတ်အောင်ဆောင်ရွက်လေ့ရှိသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ နှုတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးနောက် သတင်းစာတွေထဲမှာ သူ့နာမည်ကို ပြန်လည် ဖော်ပြခဲ့သလို သတင်းတွေထွက်ပေါ်ပြီး တပတ်အကြာမှာ အခုခရီးစဉ် ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ ၂၀၁၀ ရွေး ကောက်ပွဲ မကျင်းပမီ နှစ်လ အလိုမှာ အခုခရီးစဉ် ပေါ်ထွက်လာတာဖြစ်ပါတယ်။

တရုတ်မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ မြန်မာအစိုးရက စက်တင်္ဘာလ ( ၁ ) ရက် နောက်ဆုံးရက်သတ်မှတ် ထားခဲ့တာကိုလည်း အပစ်ရပ်အဖွဲ့အစည်းတွေက ငြင်းဆန်ထားခဲ့ကြပါတယ်။