ဇေကမ္ဘာ ဦးခင်ရွှေ ကြံ့ခိုင်ရေး ပါတီ က နေ အရွေးခံမယ်

  • 3 စက်တင်ဘာ 2010
Nagis hit Burma
Image caption နာဂစ်ဒဏ် ခံရတဲ့ ဘုရားတွေ ပြုပြင် ပေးခဲ့ တယ် လို့ ဦးခင်ရွှေ ပြော

မြန်မာ နိုင်ငံက နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီး တွေ ဖြစ်ကြတဲ့ ယုဇန ဦးဌေးမြင့် နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တို့ က လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကနေ ပါဝင် ယှဉ်ပြိုင်ကြ မှာ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော် ကနေ ဝင်မှာ ဖြစ်တယ်၊ သူ့ ဇာတိမြေ မဟုတ်တဲ့ ရန်ကုန်တိုင်း အတွင်း က တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စတဲ့ သုံးမြို့နယ်ကနေ ဝင်ရောက် အရွေးခံမယ် လို့ ဇေကမ္ဘာ ဦးခင်ရွှေ က ဘီဘီစီ ကို ပြောပါတယ်။

နာဂစ် မုန်တိုင်း တိုက်ခတ် ခံခဲ့ ရပြီးတဲ့နောက် အဲဒီ ဒေသတွေ မှာ ပျက်စီးသွားခဲ့တဲ့ ဘုရား ကျောင်းကန် နဲ့ အဆောက် အဦ တွေ၊ လိုအပ်တဲ့ ပြုပြင်မှုတွေကို လုပ်ကိုင် ဆောင်ရွက် ပေးခဲ့တဲ့ အတွက် အဲဒီ ဒေသတွေကနေ ရွေးကောက်ပွဲ ဝင်ဖို့ မြန်မာ အစိုးရ က ပြောတဲ့ အတွက် သူဝင်တာ ဖြစ်တယ်လို့ လည်း ဦးခင်ရွှေက ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

ဒါ့အပြင် ကိုယ်ရောက်ရာ နေရာမှာ လိုအပ်တာ တွေကို လုပ်ဆောင် ပေးတာ ဟာ နိုင်ငံရေး လို့ ယူဆပြီး လုပ်ကိုင်တာ ဖြစ်တဲ့ အကြောင်း လည်း သူက ဆက်ပြော ပါတယ်။

သူ ဝင်ရောက် ယှဉ်ပြိုင်မယ့် အဲဒီ နယ်မြေ တွေမှာ ကူညီ ပံ့ပိုး ပေးထား တာတွေ များလွန်း နေတဲ့ အတွက် သူ့ကို လာရောက် ယှဉ်ပြိုင်နိုင်မယ့် ပြိုင်ဘက် ရယ်လို့ ရှိမယ် တောင် မထင်တဲ့ အကြောင်း ယုံကြည်မှု အပြည့်အဝ ရှိပုံ နဲ့ ဦးခင်ရွှေ က ပြော ပါတယ်။

အာဏာ တည်မြဲဖို့ သြဇာ နာခံတဲ့ လုပ်ငန်းရှင်ကြီးတွေ ကို ပါတီ ထဲ ဆွဲထည့်

တကယ်တော့ မြန်မာ နိုင်ငံမှာ ထိပ်တန်း အစိုးရ ဗိုလ်ချုပ်ကြီးတွေ အတွက် စီးပွားရေး လုပ်ငန်းတွေ ကို ဦးခင်ရွှေ တို့လို ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တွေက နာမည်ခံ လုပ်ဆောင် ပေးနေရတာ လို့ ကျယ်ကျယ် ပြန့်ပြန့် ယူဆ ပြောဆို နေ ကြတာပါ။

အဲဒီလို လုပ်ငန်းရှင်ကြီးတွေ ကို လက်ရှိ အစိုးရ ရဲ့ ဝန်ကြီးချုပ် ကိုယ်တိုင် ခေါင်းဆောင်ပြီး လက်ရှိ အာဏာရ ဝန်ကြီးတွေ အရာရှိကြီးတွေ ပါဝင်ကြတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အပေါ် ဝန်းရံ အားပေး ထောက်ခံ ပေးကြဖို့ ပြောရင်လည်း ရနိုင်ပါတယ်။

ဒါပေမဲ့ ဒီလို သာ မက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကိုယ်တိုင်ကိုပါ နိုင်ငံရေး လောကထဲ ဆွဲသွင်း လာကြ တာဟာ အစိုးရ က သူတို့ အာဏာ တည်မြဲရေး အတွက် ထောင့်စုံ ကို လုံခြုံ စိတ်ချ ရအောင် လုပ်တာ လို့ သြစတြေးလျ နိုင်ငံ Macqurie တက္ကသိုလ် Burma Economic Watch အဖွဲ့ က စီးပွားရေး ပညာရှင် ဦးမောင် မောင်မြင့် က ယူဆ ပါတယ်။

လက်ရှိ အစိုးရက လာမယ့် ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရဖို့ သေချာအောင်လုပ်တာ ဖြစ်တဲ့ အပြင် စီးပွားရေး နယ်ပယ် အတွင်း သူတို့ ခိုင်းတာ ကို မနာခံမယ့် သူတွေ ကို ကြိုတင် ကာကွယ်ထား တဲ့ သဘော လို့ လည်း ဦးမောင်မောင်မြင့် က သုံးသပ် ပါတယ်။

မြန်မာ ဝန်ကြီးချုပ် ကိုယ်တိုင် ခေါင်းဆောင်ပြီး လက်ရှိ အာဏာရ ဝန်ကြီးတွေ၊ အရာရှိကြီး တွေ ပါဝင် ကြတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကနေ ဝင်ရောက် အရွေးခံ ကြမယ့် ကိုယ်စားလှယ်လောင်း တစ်ထောင့် တစ်ရာ ရှိတယ် လို့ သိရ ပါတယ်။