မဲဆောက်မှာ မြန်မာ အလုပ်သမားတွေ အဖမ်းခံနေရ

  • 4 စက်တင်ဘာ 2010
migrant workers
Image caption စက်ရုံ ပိုင်ရှင်တွေ တိုင်လို့ မြန်မာ အလုပ်သမား တွေ အဖမ်းခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အခုရက်ပိုင်း အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေကို ထိုင်းအာဏာပိုင်တွေက အပြင်းအထန် လိုက်လံ ဖမ်းဆီးနေပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် လက်မှတ် ဒါမှမဟုတ် အလုပ်လုပ်ခွင့် လက်မှတ် တခုခု မရှိတဲ့သူတွေ ဖြစ်ပါတယ်။

ခုတလော အဖမ်းပိုများလာတာဟာ မဲဆောက်မြို့က စက်ရုံ လုပ်ငန်းပိုင်ရှင်တွေရဲ့ တိုင်တန်းမှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မဲဆောက်မြို့က မြန်မာ အလုပ်သမားတွေဟာ ယာယီ နိုင်ငံကူးလက်မှတ် ရတာနဲ့ ထိုင်းတနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားနိုင်တဲ့အတွက် လုပ်အားခ ပိုရတဲ့ ဘန်ကောက်မြို့ကို သွားအလုပ်လုပ်ကြတဲ့အတွက် မဲဆောက်က စက်ရုံတွေမှာ အလုပ်သမားတွေ ပြတ်လပ်ကုန်ပြီး စက်ရုံလုပ်ငန်းရှင်တွေ အခက်ကြုံနေကြပါတယ်။

မြန်မာ အလုပ်သမားတွေ ဘန်ကောက်ကို ခိုးဝင်တဲ့ လမ်းကြောင်းတွေနဲ့ ဘန်ကောက် မသွားခင် အလုပ်သမားတွေ ယာယီ တည်းခိုတဲ့ နေရာတွေကို စက်ရုံ လုပ်ငန်းရှင် တွေက သတင်းပေးတဲ့အတွက် အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးတာဖြစ်ကြောင်း တာ့ခ် ခရိုင်ဝန် နိုင်စာမတ် လွိုင်ဖဝါးက ဘီဘီစီကို ပြောပါတယ်။

မဲဆောက်မှာ အလုပ်သမား တယောက်ရဲ့ အနိမ့်ဆုံး လုပ်အားခကို တနေ့ ၁၅၃ ဘတ်လို့ ထိုင်း အစိုးရက သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေက မြန်မာ အလုပ်သမား တွေကို ဘတ် ၇၀ ကနေ ၉၀ လောက်အထိပဲ ပေးကြပါတယ်။

ဒါ့ကြောင့် မြန်မာအလုပ်သမားတွေဟာ တနေ့ကို ဘတ် ၂၀၆ ရတဲ့ ဘန်ကောက်ကို သွားကြတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေဖက်ကလည်း ကိုယ့်အလုပ်သမားတွေ ဘန်ကောက်ကို မသွားအောင် နယ်စပ် ဒေသအတွက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်အားခကို ပေးဖို့ လိုကြောင်းနဲ့ စက်ရုံတွေမှာ လုပ်အားခ အပြည့် ပေး မပေးကို သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက စစ်ဆေးကြဖို့ အမိန့်ပေးထားကြောင်း တာ့ခ် ခရိုင်ဝန်က ပြောပါတယ်။