လူငယ်နှစ်ယောက်ကို စစ်တပ်က ပစ်သတ်

  • 5 စက်တင်ဘာ 2010

ပဲခူးမြို့မှာ လူငယ်နှစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

Image caption သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ ငိုကြွေးနေပုံ

မနေ့က စနေ နေ့ညမှာ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော် အပါအဝင် လူငယ် တချို့နဲ့ အရက်အမူး လွန်နေတဲ့ စစ်ဘက် အရာရှိ တဦးနဲ့ ရိုးရိုး စစ်သား တဦးတို့ ဆိုင်ကယ်ချင်း ပွတ်မိရာ ကနေ ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။

ခိုက်ရန် ဖြစ်ပွား ပြီးနောက်မှာ စစ်တပ် အရာ ရှိဟာ စစ်သား တချို့နဲ့ အတူ ပဲခူးမြို့ ဘူတာ အနီး၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ မြလမ်း ကို ပြန်လာပြီး မောင်အောင်သူဟိန်းနဲ့ သူငယ်ချင်း တွေကို ရှာဖွေ ခဲ့ပါတယ်။ မျက်မြင် တချို့ရဲ့ ပြောပြ ချက်အရ စစ်သား စုစုပေါင်း ၈ ယောက်လို့ ဆိုပါတယ်။

ကယ်လီ ဖိုးနီးယား စားသောက်ဆိုင်မှာ မောင်အောင်သူဟိန်းတို့ကို ရှာဖွေရာမှာ မတွေ့ရတဲ့ အတွက် အရပ်ထဲမှာ သေနတ်လေးချက်မိုးပေါ်ထောင်ဖောက်ပြီး ခြိမ်းခြောက်ခဲ့ တယ်လို့ လည်း ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

Image caption အခင်းဖြစ်ပွားရာနေရာကို ရေဆေး ကြော ပြီးနောက် ကျန်ရစ် တဲ့ သွေးကွက်များ

လမ်းထိပ်မှာ ဂစ်တာတီးနေတဲ့ မောင်အောင်သူ ဟိန်း နဲ့ မောင်စိုးပိုင်ဇော်တို့ကို တွေ့ပြီးနောက်မှာ စစ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ တ ချက် ချင်းပစ်ခဲ့သလို၊ အတွဲလိုက်ဆက်တိုက် ပစ်ခတ်မှုတွေကိုလည်း လုပ်ခဲ့တယ်လို့ ဆို ပါတယ်။

မောင်အောင်သူဟိန်းကို ဦးခေါင်းနဲ့ ရင်ဘတ် အပါအဝင် သေနတ် ကျည် ဆံခြောက်ချက် ထိမှန်ခဲ့ပြီး၊ မောင်စိုးပိုင်ဇော်ကို သေနတ် ကျည်ဆံ လေးချက်ထိမှန်ခဲ့ပါတယ်။ နှစ် ယောက် စလုံး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပစ်ခတ်ခဲ့သူ စစ်သားက လမ်းထိပ်ကို ထွက်လာပြီး စမ်းချင်တဲ့ကောင်စမ်း၊ အကုန် သေချင်း ဆိုးနဲ့ သေကုန်မယ်လို့ ရပ်ကွက်ကို ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

သေနတ်သံတွေကြားပြီးမှ ရဲဘက်ကရောက်လာပြီး သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းကို ဆိုက်ကားပေါ်မှာ ကြိုးချည်ပြီး သယ်ယူသွားခဲ့တယ်လို့ဆိုပါတယ်။

Image caption သေဆုံးသူနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေ ထားရှိရာ ပဲခူးဆေးရုံ

သေဆုံးသူတွေရဲ့ မိသားစုတွေက အ လောင်း တွေကို ပြန်လည် တောင်း ယူကြပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ပြန်ပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။

သေနတ်နဲ့ ပစ်မိန့်ပေးသူဟာ ဘုရားကြီးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခလရ ၅၉ တပ်က ဗိုလ်ကြီး သိဒ္ဓိစိုး ဖြစ်တယ်လို့ သတင်းကြားသိရကြောင်း သေဆုံးသူရဲ့ အဒေါ်က ဘီဘီစီကို ပြောပြပါတယ်။

စစ်တပ်ဘက်က အရာရှိကြီးတွေက သေဆုံးသူမောင်အောင်သူဟိန်းရဲ့ အဘွားကို ကန်တော့တောင်းပန်ပြီး လျော်ကြေးပေးပေမယ့် ကာယကံရှင်ဘက်က မကြေ အေး နိုင်ကြဘူးလို့ ဆိုပါတယ်။

ဥပဒေကြောင်းအရလည်း လူသတ်မှုဟာ ကာယကံရှင်နဲ့ သဘောတူကြေအေးလို့မရနိုင်တဲ့ အမှုဖြစ်ပါတယ်။