လူငယ်နှစ်ဦး အသတ်ခံရပြီး အခြေအနေ တင်းမာ

အသတ်ခံရသူမိသားစု ပူဆွေးနေစဉ်
Image caption အသတ်ခံရသူမိသားစု ပူဆွေးနေစဉ်

ပဲခူးမြို့မှာ တနင်္ဂနွေညတုန်းက မြန်မာအစိုးရစစ်တပ် အရာရှိနဲ့ လူငယ်တွေ အချင်းများရာက လူငယ်နှစ်ဦးပစ်သတ် ခံရပြီးတဲ့နောက် ပဲခူးမြို့မှာ အရပ်ဝတ် လုံခြုံရေးတွေ နေရာအနှံ့ ချထားလိုက်ပါတယ်။

မြို့လည်ခေါင်မှာ စစ်တပ်က အရပ်သား လူငယ်နှစ်ဦးဖြစ်တဲ့ မောင်အောင်သူဟိန်း ၂၃ နှစ်နဲ့ မောင်စိုးပိုင်ဇော် ၁၉ နှစ်တို့ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တဲ့ အဖြစ်အပျက်ဟာ ပဲခူးမြို့ကို တုန်လှုပ် ခြောက်ခြားသွားစေခဲ့သလို မတရားတဲ့လုပ်ရပ်ဖြစ်တယ်လို့မြို့ခံတချို့က ဘီဘီစီကို ပြောပြကြပါတယ်။

မနေ့တုန်းကတော့ ပဲခူးဆေးရုံမှာ စိတ်မကောင်း ဖြစ်ကြရတဲ့လူတွေ အပြည့် လာရောက်စုဝေးခဲ့ကြလို့ဒီကနေ့မှာတော့ မြို့ထဲမှာ နေရာအနှံ့ လုံခြုံရေးတွေ ချထားလိုက်တယ်လို့သိရပါတယ်။

“အဓိကကတော့ ရင်ခွဲရုံပေါ့ဗျာ၊ ရဲတွေ လုံခြုံရေးချပေးထားတယ်ဗျာ၊ တချို့ရန်ကုန်ကနေ ကျောင်းသားတွေလာမယ်လို့ သတင်းထွက်နေတော့ အင်းတကော်ဂိတ်တို့မြို့အဝင်ဂိတ်တို့မှာ ကားတွေကိုရပ်ပြီး အခု စစ်ဆေးတာတော့ရှိနေတယ်၊ အရပ်ဝတ်လုံခြုံရေးတွေလည်း နေရာအနှံ့ တွေ့နေရတယ်” လို့လုံခြုံရေးချထားတာနဲ့ပတ်သက်ပြီး မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပြသွားတာပါ။

ကွယ်လွန်သူနှစ်ဦးရဲ့မိဘများကတော့ မနက်ဖြန်မှာ အသုဘချဖို့ပြင်ဆင်နေကြရပေမယ့် အခုအချိန်အထိတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မမြင်မတွေ့ ကြရသေးပါဘူး။ အလောင်းတွေကို အိမ်ပြန်သယ်ခွင့်မရပဲ ဆေးရုံကနေတဆင့်ပဲ သုဿန်ကို အသုဘချကြရမယ်လို့သိရပါတယ်။

“ သူတို့က လူထုက အုတ်အော်သောင်းနင်းဖြစ်မှာကြောက်လို့ ရုန်းရင်းဆန်ခတ်ဖြစ်မှာကြောက်လို့ကျမတို့အမေကို မေတ္တာရပ်ခံတယ်လေ၊ ကျမတို့အမေကလည်း လက်တော့ မခံချင်ဘူးပေါ့၊ ရင်ကွဲတာပေါ့၊ ဒါပေမယ့်လည်း မဖြစ်မနေ လက်ခံလိုက်ရတာပေါ့၊ အခုဟာက ကျမတို့ပဲခူးမြို့ကြီးက လမ်းတိုင်းလမ်းတိုင်းမှာ အစေါင့်အကြပ်တွေနဲ့ဆိုတော့ ဒီကလေးတွေကိစ္စနဲ့ကျမတို့က အားလုံးကို ဒုက္ခပေးသလိုဖြစ်မှာစိုးလို့အမေလည်း စိတ်လျှော့ပြီး ပြန်လာခဲ့တာပေါ့” လို့သေဆုံးသူ မောင်အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်ထူးက ဘီဘီစီကို ပြောပြပါတယ်။

စစ်တပ်အရာရှိတွေက သေဆုံးသူတွေရဲ့ မိသားစုတွေကို တွေ့ဆုံပြီး ပစ်ခတ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးအရေးယူထားတဲ့အကြောင်း မိသားစုတွေကို ပြောပြကြတယ်လို့သိရပါတယ်။