ရထားတိမ်းမှောက်မှု လူသေ

  • 6 စက်တင်ဘာ 2010
ရထားတိမ်းမှောက်
Image caption ရထားတိမ်းမှောက်

မနေ့ညက ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ မန္တလေး ကနေ မြစ်ကြီးနား ကို သွားတဲ့ အမှတ် ၅၅ အဆန် အထူးအမြန်ရထားဟာ ဝန်းသို အထက်ဖက် သုံးဘူတာ အလွန်မှာ ရထား တွဲချော်တိမ်းမှောက်ခဲ့ပြီး လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။

ရထားစက်ခေါင်းရယ်၊ စက်ခေါင်းနောက်က ပထမတွဲရယ် လမ်းချော်တိမ်း မှောက်သွားတာ ဖြစ်ပါတယ်။ ရထားပေါ်မှာ ပါလာတဲ့ ခရီးသည်အရေအတွက် အတိအကျကို မသိရပေမယ့် တာဝန်ရှိသူပုဂ္ဂိုလ်က လူ ၆၀၀ ကျော်ပါမယ်လို့ ခန့်မှန်းပါတယ်။

လူဒီလောက်အများအပြားလိုက်ပါလာပေမယ့် ကျန်တဲ့ သူတွေမှာတော့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဝန်းသိုဆေးရုံက ကျန်းမာရေး ဝန်ထမ်း သူနာပြုဆရာမ တယောက်ကလည်း ပြောပြပါတယ်။

အခုလို ရထားတွဲချော်ရတဲ့ အကြောင်းရင်းကို တော့ သက်ဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တွေက စစ်ဆေး စုံစမ်းနေဆဲ ဖြစ်တဲ့ အတွက် တာဝန်ရှိသူပုဂ္ဂိုလ်တွေက အတိအကျ အတည်ပြု ပြောကြားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ မီးရထားတွေနဲ့ မီးရထားလမ်းတွေတော်တော်များ များဟာ ဟောင်းနွမ်းပြီး ခေတ်မမီတော့ဘူးလို့ ဝေဖန်ကြတာမျိုးတွေရှိကြပေ မယ့် အခုရထားတွဲချော်တဲ့ဖြစ်ရပ်ဟာ ရထားတွဲတွေနဲ့ ရထားလမ်းတွေရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိမရှိဆိုတာကို မသိရသေးပါဘူး။