ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်ရောက်

  • 7 စက်တင်ဘာ 2010

မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ် နိုင်ငံကို ငါးရက်တာ ခရီးစဉ် ထွက်ခွာ သွားပါပြီ။ သူနဲ့ အတူ မကြာသေး ခင်က အသစ် ခန့်အပ် ခဲ့တဲ့ ခေါင်းဆောင် တချို့ လည်း လိုက်ပါ သွားကြ ပါတယ်။

Image caption ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို တရုတ် နိုင်ငံက ကြိုဆို

တရုတ် နိုင်ငံခြားရေး ဌာနကတော့ မြန်မာ နိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ တွေကို ထောက်ခံကြဖို့ ကမ္ဘာကို တိုက်တွန်း လိုက် ပါတယ်။ မြန်မာ ရွေးကောက်ပွဲ တွေဟာ သူ့နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပဲ ဖြစ်ပြီး တခြား နိုင်ငံ တွေ က အပြုသဘော အကူ အညီတွေ ပေးသင့်တယ် လို့လဲ နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဒီကနေ့ ပြောလိုက် ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘက်ကလည်း နိုဝင်ဘာ လမှာ လုပ်မယ့် ရွေးကောက်ပွဲတွေ အကြောင်း တရုတ် ခေါင်းဆောင် တွေကို ရှင်းပြ လိမ့်မယ် လို့ ယူဆရ ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ဒီအချိန် ဘာကြောင့်သွား

မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ပြုလုပ်မယ့်ရက် နီးလာချိန်၊ နှစ်လ တိတိပဲ လို တော့တဲ့ အချိန်မှာ ဗိုလ်ချုပ်မှူးကြီး တရုတ် နိုင်ငံကို သွားရောက်တာ ဖြစ်တယ်၊ တရုတ် ဘက် ကလည်း ရွေးကောက်ပွဲ ပြီးရင် ဘာတွေဖြစ်မလဲ ဆိုတာ သိလိုတဲ့ အတွက် ပြောပြရအောင် သွားတာ ဖြစ်တယ်လို့ ဘီဘီစီ တရုတ် သတင်း အယ်ဒီတာ ရှီရွန် ချန်းက သုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ထဲက အပြောင်း အလဲ တွေကိုလည်း တရုတ်ဘက်က သိချင်မယ်၊ ပြီးခဲ့တဲ့ ဇွန်လက အိန္ဒိယကို သွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပထဝီနိုင်ငံရေး အရ ဒေသတွင်းမှာ အိန္ဒိယနဲ့ သြဇာပြိုင်နေတဲ့ တရုတ်နိုင်ငံဆီကို သူကိုယ်တိုင် မဖြစ်မနေ သွားရမယ့် အခြေအနေ ဖြစ်နေလို့ သွားရတာလည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြော ပါတယ်။

ဒီခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီးက ၂၀၁၀ ရှန်ဟိုင်း ကုန်စည် ပြပွဲကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပြီး ဂွမ်ဒေါင်း ပြည်နယ် တောင်ပိုင်းက အထူး စီးပွားရေး ဇုံဖြစ်တဲ့ ရှင်ဂျန်းမြို့ ကိုလည်း သွားရောက်မယ်လို့ သိရ ပါတယ်။

တရုတ်ရဲ့ လိုလားချက်များ

Image caption တီယန် နန်မင် ရင်ပြင်မှာ မြန်မာ အလံ လွှင့်ထူ ပြီး ဗိုလ်ချုပ် မှူးကြီးကို ကြို

မြန်မာနိုင်ငံမှာ ရေနံ ပိုက်လိုင်း စီမံကိန်းနဲ့ သဘာဝဓါတ်ငွေ့ စီမံကိန်းကြီး နှစ်ခုကို နှစ်ရှည် စီမံကိန်းနဲ့ လုပ်ဖို့ စီစဉ်နေတဲ့ တရုတ်အစိုးရ က မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းမှု ရှိရေးကို လိုလားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက တရုတ်ဝန်ကြီးချုပ် ဝန်ကြားပေါင် မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ် နှစ်နိုင်ငံအကြား သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကိစ္စ၊ ရေအား လျှပ်စစ် စက်ရုံကိစ္စနဲ့ မြန်မာ နိုင်ငံကို အကူအညီ ပေးရေးကိစ္စ အပါအဝင် သဘောတူချက် ၁၅ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ တည်ငြိမ်မှု ရှိမှ တရုတ်က သူ့ရဲ့ စီးပွားရေးကို ကာကွယ်နိုင်မယ်၊ သူ့နိုင်ငံနဲ့ ထိစပ် နေတဲ့ နယ်စပ် မှာ မတည်ငြိမ်ရင် ဒုက္ခသည်တွေ သူ့နိုင်ငံထဲ ရောက်လာမယ့် အန္တရာယ် တွေလည်း ရှိနေတာကို တရုတ် ဘက်က သိပါတယ်။ လာမယ့် ရွေးကောက်ပွဲကနေ အတိုင်း အတာ တစ်ခုထိ တည်ငြိမ် နိုင်မယ်လို့ တရုတ်အစိုးရ ယူဆ ပါတယ်လို့ ဘီဘီစီ တရုတ် သတင်း အယ်ဒီတာ ရှီရွန် ချန်းက သုံးသပ်ပါတယ်။

တရုတ်ဘက်က ဘယ်လို ကူညီမလဲ

မြန်မာ နိုင်ငံမှာ ပြည်သူတွေ အပေါ် အစိုးရ အာဏာပိုင်တွေရဲ့ လူ့ အခွင့် အရေး ချိုးဖောက် မှုတွေ ရှိမရှိ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်း နိုင်ရေး အတွက် လာမယ့် အထွေထွေ ညီလာခံမှာ အဆိုပြုနိုင်ဖို့ လူ့ အခွင့် အရေး အဖွဲ့တွေ က နိုင်ငံတကာမှာ လှုံ့ဆော် စည်းရုံးနေကြတဲ့ အခုလို အချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ် နိုင်ငံကို သွားတာ ဟာ တရုတ်ရဲ့ အကာအကွယ်ပေးမှုကို လိုလားလို့ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ လည်း ရှီရွန် ချန်းက ထည့်သွင်း သုံးသပ်ပါသေးတယ်။

လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဝေဖန်ခံနေ ရတဲ့ တရုတ် နိုင်ငံဟာ ကုလသမဂ္ဂမှာ မြန်မာကို အရေးယူဖို့ ထောက်ခံမယ်လို့ သူမထင်တဲ့ အကြောင်းနဲ့ မြန်မာ ကိစ္စ ပြောလာ ကြရင်လည်း အချိန်ဆွဲတဲ့ နည်းနဲ့ ဖြစ်ဖြစ် မြန်မာနိုင်ငံကို ကူညီ လိမ့်မယ်လို့ မြင်တဲ့ အကြောင်း ဘီဘီစီ တရုတ် အယ်ဒီတာ ရှီရွန် ချန်းက ပြောပါတယ်။