KIO အဖွဲ့ ကန့်သတ်ခံရ

  • 7 စက်တင်ဘာ 2010
KIA soldiers
Image caption ကချင်စစ်သားများ လွတ်လပ်စွာသွားလာမှု ထိမ်းချုပ်ခံရ

ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်နက် စွန့်လွှတ်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ စက်တင်ဘာ ၁ ရက်နေ့ကို ကျော်လာပြီး နောက်ပိုင်း KIO အဖွဲ့က တပ်သားတွေကို မြန်မာအစိုးရ ထိမ်းချုပ်မြို့တွေ အတွင်း သွားလာတဲ့ နေရာမှာ စည်းကမ်းချက် တွေကို လွန်ခဲ့တဲ့ ၂ ရက်ကစပြီး မြန်မာအစိုးရက ကန့်သတ်လိုက်ပါတယ်။

''အခုထုတ်တဲ့ကန့်သတ်ချက်ဆိုတာက မသွားရ မလာရတော့ မဟုတ်ပါဘူး၊ သွားတဲ့လာတဲ့အခါ စည်းကမ်းချက်တွေထုတ်တဲ့သဘောပါပဲ၊ ခါတိုင်းက ကျနော်တို့ အဖွဲ့ကနေ ထောက်ခံစာကိုင်ပြီး တပ်ထောက်ကို အကြောင်းကြားပြီးသွားတာပေါ့၊ ခုဟာကကြိုတင်ခွင့်ပြုချက်တောင်းရမယ်၊ ခွင့်ပြုချက်ရမှ သွားရမယ်ပေါ့" လို့ KIO အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးဆင်ဝါးက ဘီဘီစီကို ပြောပါတယ်။

Image caption ကေအိုင်အို ပြောခွင့်ရ ဦးဆင်ဝါး

အခုအခါ မြို့ထဲမှာ တချိန်က လုံခြုံရေးအရ လက်နက်ကိုင်ပြီး ယူနီဖောင်းနဲ့ သွားလာလို့ ရခဲ့ပေမယ့် အခုတော့ အဲသလို သွားလာခွင့် မရှိတော့တဲ့ အကြောင်း၊ ဒီကန့်သတ်ချက် တွေဟာ အထက်က လာတာလား၊ ဒေသအာဏာ ပိုင်တွေဆီက လာတာလား ဆိုတာတော့ မသဲကွဲသေးတဲ့ အကြောင်း၊ ဒီလိုဖြစ်လာတာဟာ အစိုးရဘက်က တောင်းဆိုထားတဲ့ လက်နက်စွန့်ဖို့ ကိစ္စအပေါ် မိမိတို့ဘက်က မလိုက်လျောတဲ့အပေါ် အခြေခံပြီးမှ ဖြစ်လာတာလို့ သူထင်ကြောင်း ဦးဆင်ဝါးက ပြောပါတယ်။

ဒီလိုကန့်သတ်လိုက်လို့ သွားလာရေးမှာ ခါတိုင်းလိုမလွတ်လပ်တော့တဲ့အကြောင်း၊ နှစ်ဖက် တင်းမာမှုသဘောတော့ အခုအချိန်အထိ မရှိသေးတဲ့အကြောင်း သူက ပြောပါတယ်။