စစ်အာဏာသိမ်းမှု ၂၂ နှစ်မြောက်ခဲ့ပြီ။

  • 18 စက်တင်ဘာ 2010
burmese_military
Image caption မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်

ဒီကနေ့ စက်တင်ဘာလ ၁၈ ရက် နေ့ ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းတဲ့ ၂၂ နှစ် တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်က တိုင်းပြည် အာဏာ သိမ်းယူခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တပ်မတော် အရာရှိဟောင်း ဦးဝင်းထိန် က ၈၈ ခုနှစ်တုန်းက မတ်လ ၁၃ ရက်နေ့ ဘုန်းမော် ကျဆုံးတဲ့အချိန် ကစခဲ့တဲ့ လူထု အုံကြွမှုကြီးဟာ ကျောင်းသားတွေ အလုပ်သမားတွေ လယ်သမားတွေ အစိုးရဝန်ထမ်းတွေ နောက်ဆုံး ကြည်း ရေ လေတပ်တချို့ ပါ လာတဲ့အခါမှာ တနိုင်ငံလုံး ဖရိုဖရဲဖြစ်နေတာကို ထိန်းသိမ်းချင်လို့ တမင်သက်သက် စေါင့်ပြီးတော့မှ အာဏာသိမ်းတဲ့သဘော လို့ ဘီဘီစီ ကို ပြောပါတယ်။

သူ့အနေနဲ့ စစ်တပ်ထဲ မှာ နေစဉ်က ဗိုလ်ချုပ်အောင်ဆန်း အကြောင်း တော်တော်များများ သုတေသနပြုခဲ့ဖူးတာမို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ခု ကို သိတဲ့အကြောင်း အဲဒီမိန့်ခွန်းက ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်က ထွက်ပြီး နိုင်ငံရေး လုပ်တဲ့အခါ တပ်မှူး တော်တော်များက အားငယ်ပြီး မကျေနပ် ကြတဲ့အကြောင်း အဲဒီအခါ ဗို်လ်ချုပ်အောင်ဆန်းက တပ်မှူးတွေကို ခေါ်ပြီးတော့ တပ်မတော်က ထွက်ရတဲ့အကြောင်းရင်းက လွတ်လပ်ရေး မရသေးဘူး ဆက်ပြီး ရုန်းကန်ရအုန်းမယ် ဒါကြောင့်မို့ စစ်တပ်ကထွက်တာ စစ်ဗိုလ်ဘဝနဲ့ နိုင်ငံရေး လုပ်လို့မရဘူး စစ်တပ်နဲ့ နိုင်ငံရေး ရောလို့ရှိရင် ငါးပါးမကဘူး သံဃာစင်ပါ မှောက်လိမ့်မယ် ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း ကို သူ ဖတ်ခဲ့ဖူးတဲ့အကြောင်း ဦးနေဝင်း တက်ကတည်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတာ ထူထောင်တယ် ဆိုပေမယ့် တကယ်တော့ ၉၀ ရာခိုင်နှုန်းကျော်ဟာ စစ်တပ်က အရပ်ဝတ်နဲ့ အုပ်ချုပ်တဲ့ သဘော သာဖြစ်တဲ့အကြောင်း အခုကြတော့ ပြောင် ကျကျပဲ တပ်မတော်က အာဏာစွန့် စရာ မရှိဘူးဆိုတဲ့ အယူအဆ ဖြစ်လာနေတာ သူ့အနေနဲ့ သဘော ပေါက်တဲ့အကြောင်း ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

သူ့အယူအဆ ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ တပ်မတော်ဟာ ဘယ်တုန်းကမှ တင်းမာမှု မရှိခဲ့ဘူးလို့လည်း သူမြင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရည်နဲ့ သာ နိုင်ငံရေး အာဏာကို အပြောင်းအလဲ လုပ်ရမယ်ဆိုတဲ့ သဘောထား အတိုင်းသာ လုပ်ခဲ့တဲ့အကြောင်း ၂ဝဝ၈ အခြေခံဥပဒေ ကိုတော့ အသိအမှတ် မပြုတဲ့အကြောင်း မဲပေးတာ မပေးတာဟာလည်း မိမိတို့နဲ မသက်ဆိုင်တဲ့အကြောင်း ဦးဝင်းထိန်က ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။