သတင်းလွတ်လပ်ခွင့်နဲ့ ရွေးကောက်ပွဲ မျှတမှု

  • 8 စက်တင်ဘာ 2010

မြန်မာ နိုင်ငံမှာ ပြုလုပ်မယ်လို့ ကြေငြာ ထားတဲ့ ရွေးကောက်ပွဲ အချိန် နီးကပ် လာပြီ ဖြစ်ပေမဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့် ကတော့ မရှိ သေးဘူးလို့ ပြင်သစ် အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ဝေဖန်လိုက် ပါတယ်။

Image caption မြန်မာ နိုင်ငံမှာ သတင်း လွတ်လပ်ခွင့် မရှိမှု တာ RSF ထောက်ပြ

စက်တင်ဘာ (၇) ရက် နေ့စွဲနဲ့ ထုတ်ပြန် လိုက်တဲ့ ကြေငြာချက် ထဲမှာ ရွေးကောက်ပွဲ လုပ်ဖို့ နှစ်လ လောက်ပဲ လိုတော့တဲ့ အခုလို အချိန် အထိ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်း အရာ တွေကို မြန်မာ နိုင်ငံတွင်းမှာ ရှိနေကြတဲ့ ပြည် တွင်း ပြည်ပ သတင်း ဌာနတွေ အတွက် အလုပ်လုပ် နေကြသူ သတင်း သမားတွေ လွတ်လွတ် လပ်လပ် ရေးသား တင်ပြခွင့် မရကြသေး တာကို ထောက်ပြထားပြီး ထိန်းချုပ်မှုတွေ ကို လျှော့ပေးဖို့ တောင်းဆိုလိုက် ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်ဆင် နေမှုတွေကို တင်ပြနိုင်ဖို့ လည်း မဖြစ်နိုင်တဲ့ အခြေ အနေနဲ့ စာပေ စိစစ်ရေး အဖွဲ့က တင်းတင်း ကြပ်ကြပ် ချုပ်ကိုင်ထားတုန်းပဲ လို့ တွေ့နေရ တဲ့ အချက်က အလွန် စိတ် အနှောင့် အယှက် ဖြစ်စရာ ကောင်းတယ်၊ သတင်းသမားတွေ လွတ်လွတ်လပ်လပ် ရေးသား ခွင့် မရဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် မျှတတယ်လို့ ဆိုနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အရေးတကြီး ဖွင့်ပေးဖို့ လိုအပ် နေပြီလို့ နယ်စည်း မခြား သတင်းထောက်များ အဖွဲ့ ရဲ့ အာရှရေးရာ ဌာန အကြီးအကဲ Vincent Brossels က ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံ တွင်းက သတင်းနဲ့ စာနယ်ဇင်းသမား တွေကတော့ နိုင်ငံရေး သတင်းတွေက လွဲရင် အရင်က ခွင့်မပြုခဲ့တဲ့ သတင်းတွေကို အခု နောက်ပိုင်းမှာ ရေးသား ဖော်ပြခွင့် ရလာတယ်လို့ ပြောကြပါတယ်။

RSF ကတော့ သတင်း ရေးသား တင်ပြမှုတွေကို အာဏာပိုင်တွေ ဘက်က ကြိုတင် စိစစ်ပြီး ပိတ်ပင်တာမျိုး မလုပ်ဖို့ တိုက်တွန်း ပြီး ပြည်ပ အခြေစိုက် သတင်း ဌာနတွေဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ စတဲ့ သတင်းဌာန တွေကို ပြည်တွင်းမှာ လွတ်လွတ် လပ်လပ် သတင်း ရယူတင်ပြခွင့် ပေးသင့်တယ်၊ ပြည်ပ သတင်းထောက်တွေ မြန်မာ နိုင်ငံထဲကို လာပြီး သတင်းရယူ နိုင်ဖို့ ပြည်ဝင်ခွင့် ဗီဇာတွေ ထုတ်ပေး သင့်တယ်လို့ ပြောပါတယ်။

သတင်း လွတ်လပ်ခွင့် နဲ့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ဆိုတာက ဆက်စပ် နေတာမို့ သတင်းစာတွေ တခြား သတင်း မီဒီယာတွေထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လွတ် လပ်လပ် တင်ပြနိုင်ခွင့် မရှိဘူး ဝင် အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်းတွေ နဲ့ ပတ်သက်လို့ ကောင်းကျိုး ဆိုးပြစ်တွေကို ဝေဖန်နိုင်ခွင့် မရှိဘူး၊ အတိုက်အခံတွေ ဘက်က အစိုးရ အပေါ် ဝေဖန် ပြောဆိုနိုင်ခွင့် မရှိဘူး ဆိုရင် ဒီမိုကရေစီ ဆိုတဲ့ အနှစ် သာရ ရှိတော့မှာ မဟုတ်တဲ့ အကြောင်းနဲ့ လက်ရှိ အစိုးရနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြ ပြောဆိုခွင့် ပိတ်ပင် ထားရင် လာမယ့် ရွေးကောက်ပွဲဟာ တစ်လမ်းသွားပဲ ဖြစ်နေ လိမ့်မယ်လို့ လည်း နယ်စည်း မခြား သတင်းထောက်များ အဖွဲ့ ရဲ့ အာရှရေးရာ ဌာန အကြီးအကဲ က ပြောပါတယ်။