ဘီဘီစီ မြန်မာပိုင်း ဌာန ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားတာ မရှိ

  • 9 စက်တင်ဘာ 2010
Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague

ဘီဘီစီ မြန်မာပိုင်းဌာနကို ဖျက်သိမ်းပစ်မယ် ဆိုတဲ့ အစီအစဉ်တွေ ၊ ဆုံးဖြတ်ချက်တွေ မရှိပါဘူးလို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်က ပြောပါတယ်။

အဲဒီလို တခြား ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ သတင်းဌာနတွေ ပိတ်ပစ်ဖို့ ဆိုရင် ဝန်ကြီးဌာနဆိုင်ရာ အတည်ပြုချက် ရယူဖို့ လိုပြီး ဘီဘီစီ မြန်မာပိုင်း ဌာန ပိတ်ပစ်ဖို့ တင်ပြလာတာတွေ မရှိသလို ၊ အထက်ကလည်း ပိတ်ပစ်ဖို့ သဘောတူ ထားတာမျိုး လုံးဝ မရှိပါဘူးလို့ မစ္စတာဟိတ်ခ်က လွှတ်တော်ကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဗြိတိသျှ အစိုးရက ပိတ်ပစ်ဖို့ စီစဉ်နေတဲ့ သတင်းဌာနတွေ ထဲမှာ ဘီဘီစီ မြန်မာပိုင်း ဌာနလည်း ပါတယ် ဆိုတဲ့အကြောင်း သတင်းစာတစောင်မှာ ဖော်ပြခဲ့ ပြီးတဲ့နောက် မစ္စတာဟိတ်ခ်ရဲ့ တုန့်ပြန် ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေက ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်အတွက် ထောက်ပံ့နေတာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ဘဂျက် လိုငွေပြနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘီဘီစီရဲ့ အသုံးစရိတ် အနည်းဆုံး ၂၅ ရာခိုင်နှုန်း လျော့ချသုံးစွဲရမယ်လို့ ဆိုထားကြောင်း သိရပါတယ်။