သံဃာရိုက်သူတွေ ရွေးကောက်ပွဲ ဝင်မယ်

  • 9 စက်တင်ဘာ 2010
Image caption ၂၀၀၇ခုနှစ် သံဃာ့ အရေးအခင်း ဖြစ်ခဲ့စဉ်

ပခုက္ကူမြို့နယ်မှာ ၂၀၀၇ခုနှစ်တုန်းက စီတန်း လှည့်လည် မေတ္တာ ပို့ခဲ့ကြတဲ့ သံဃာတော်တွေကို ဖမ်းဆီး ရိုက်နှက်ခဲ့သူ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ အခုအခါ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ လုပ်နေကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် ကိုကျော်ဇင်က အမျိုးသား လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု ဝင်အရွေးခံ မှာ ဖြစ်သလို ကိုဇော်မျိုးသိန်းနဲ့ ကို သိန်းထွန်းက ပြည်နယ်နဲ့ တိုင်းလွှတ်တော်မှာ ဝင် အရွေးခံမယ်လို့ ပခုက္ကူ မြို့ခံတဦးက ဘီဘီစီကို ပြောပြပါတယ်။

သံဃာတော်တွေကို ဖမ်းဆီး ရိုက်နှက်ခဲ့သူတွေ အခုလို ရွေးကောက်ပွဲ ဝင်ပြိုင်မှာကို မြို့ခံတွေက မကျေမနပ် ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။

သံဃာတော်တွေကို ရိုက်နှက်ခဲ့တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့အတွက် သိက္ခာ ကျစရာ ဖြစ်တယ်လို့ အဖွဲ့ဝင် တချို့က ယူဆနေကြကြောင်းလည်း သူက ပြောပါတယ်။

ပခုက္ကူမြို့မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလက ကုန်စျေးနှုန်း ကျဆင်းရေး အတွက် စီတန်း လှည့်လည် မေတ္တာ ပို့ခဲ့ကြတဲ့ သံဃာတော်တွေဟာ စစ်တပ်ရဲ့ အကြမ်းဖက် လူစုခွဲ ခံခဲ့ရသလို သံဃာတော် ၃ပါးလည်း ဓါတ်တိုင်မှာ ကြိုးတုပ် အရိုက်ခံခဲ့ရပါတယ်။

အဲဒီ ဖြစ်ရပ်တွေကနေ အစပြုပြီး မြန်မာနိုင်ငံတဝှမ်း ရွှေဝါရောင် တော်လှန်ရေးလို့ အများက ခေါ်တဲ့ သံဃာ့ အရေးအခင်းကြီး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။