ဝန်ကြီး ဦးဌေးဦး ဟင်္သာတမှာ မဲဆွယ်စည်းရုံး

  • 9 စက်တင်ဘာ 2010

လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီး ဦးဌေးဦး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း တင်ထားသူတွေဟာ သူတို့ ဝင်အရွေးခံမယ့် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နဲ့ အနီးအနားမြို့နယ်တွေမှာ လာပြီး မဲဆွယ်စည်းရုံးနေတယ်လို့ သိရပါတယ်။

ဟင်္သာတသားဖြစ်တဲ့ ဦးဌေးဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအနေနဲ့ ရပ်တည်ခဲ့တုန်းက အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါပြီး အခုအခါ တပ်ကနေ အရပ်ဘက်ပြောင်းလို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဟင်္သာတမြို့နယ်မှာ ဝင်အရွေးခံမှာ ဖြစ်ပါတယ်။

ဟင်္သာတကို သူလာရင် ဘုရားတွေ ကိုလှူ ၊ ဟိုဟာ ဒီဟာ ပြင်ပေးလုပ်ပေးကြောင်း၊ တကယ်တော့ ဘုရားပြင်တာက အဓိကမကျကြောင်း၊ စေတနာမှန်တယ်ဆိုရင် သူ တက်စကတည်းက ပြင်သင့်ကြောင်း ဟင်္သာတမြို့သားတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဟင်္သာတ မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲ ဝင်မယ့်သူတွေကတော့ ဟင်္သာတတက္ကသိုလ်က အငြိမ်းစားပါမောက္ခချုပ် ဦးစိုးမြင့်နဲ့ ဒေါက်တာသိန်းစိုးတို့ ဖြစ်ပါတယ်။

မြန်အောင်မြို့နယ်ကနေ ဝင်မယ့်သူတွေကတော့ ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ်ဟောင်းဦးသန်းဌေး အမျိုးသားလွှတ်တော်အတွက် တိုင်းပညာရေးမှူးဟောင်း ဦးခင်မောင်ရီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဌ ဦးညွန့်လှိုင်တို့ ဖြစ်ပါတယ်။