လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း နောက်ဆုံး စိစစ်

  • 10 စက်တင်ဘာ 2010
USDP
Image caption ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်တွေ

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင်က ၆ရက်နေ့ကစပြီး စိစစ်နေတာ ဒီကနေ့မှာ နောက်ဆုံး စိစစ်ခဲ့ ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ဦးဆောင်ပြီး အစိုးရ ဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ကိုယ်စားလှယ်လောင်း တထောင့် တရာကျော် ဝင်ပြိုင်ဖို့ အမည် စာရင်း တင်သွင်းထားရာမှာ အပယ်ခံရသူ တဦးမှ မရှိဘူးလို့ သိရပါတယ်။

အစိုးရ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားပြီး အထူးအခွင့်အရေးတွေ ရနေတဲ့အတွက် အခုလို အပယ်မခံရတာ ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွက် မန္တလေးတိုင်း အောင်မြေသာဇံ နယ်မြေ ကနေ ဝင်အရွေးခံမဲ့ ဦးကိုကြီးက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းတွေ အားလုံးဟာ သတ်မှတ် ထားတဲ့ စည်းကမ်း စည်းမျဉ်းတွေနဲ့ ညီညွတ်တဲ့အတွက် အပယ်မခံရတာလို့ ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် ဒုတိယ အများဆုံး ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း တိုင်းနဲ့ ပြည်နယ်မှာ ဝင်ပြိုင်မဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေဆီက မကြားရသေးပေမဲ့ လောလောဆယ် သိရသလောက်တော့ အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်း တယောက်မှ မရှိသေးဘူးလို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ရွှေက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ ( မြန်မာပြည် ) ကတော့ လောလောဆယ်မှာ သူတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦး အခွန်ကိစ္စနဲ့ အပယ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

Image caption ဒီမိုကရက်တစ် ပါတီအတွက် မန္တလေးမှာ ဝင်အရွေးခံမယ့် ဒေါ်သန်းသန်းနု

ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု နဲ့ ခင်ပွန်းကိုတော့ ပြည်ပမှာ နေခဲ့စဉ် အခွန်ငွေ ထမ်းဆောင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ခရိုင်အဆင့် အနေနဲ့ လက်ခံ လိုက်ပြီ ဖြစ်ပေမဲ့ နောက်ထပ် စိစစ်မှုတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကို လာမဲ့ တရက်နှစ်ရက် အတွင်း ထုတ်ဖေါ်ကြေညာလိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။