လွတ်ရက်စေ့ခါနီး အကျဉ်းသားတချို့ လွတ်လာ

  • 12 စက်တင်ဘာ 2010
Insein
Image caption အင်စိန်ထောင်မှာ ထောင်ဝင်စာ လာတွေ့သူများ

ပြီးခဲ့တဲ့ သောကြောနေ့ ညနေပိုင်းက အင်းစိန်ထောင်ကနေ လွတ်ရက်နီးသူတွေကို လွှတ်ပေးလိုက်ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်ဘူးလို့ သတင်းရရှိပါတယ်။

လွှတ်ပေးလိုက်သူတွေထဲမှာ အမျိုးသား အယောက် ၇၀ နဲ့ အမျိုးသမီး အယောက် ၃၀ စုစုပေါင်း တရာလောက်ကို လွှတ်ပေးလိုက်တယ်လို့ ရန်ကုန်ကနေ သတင်းရရှိပါတယ်။

လွှတ်ပေးလိုက်သူတွေထဲမှာ ပြစ်ဒဏ် လပိုင်းသာ ကျခံရသူနဲ့ လွတ်ရက်စေ့ဖို့ ရက်ပိုင်းသာ လိုသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း ရာဇဝတ် အကျဉ်းသား တရာ့နှစ်ဆယ်ကို လွှတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာ နိုင်ငံရေး အကျဉ်းသား တယောက်ဖြစ်သူ ကိုဌေးအောင်ကို ဆရာဝန်က ဆေးထောက်ခံချက် ပေးထားပေမဲ့ အာဏာပိုင်တွေက ခုထိ ဆေးကုသခွင့် မပြုသေးဘူးလို့ ကိုဌေးအောင်ရဲ့ အစ်မဖြစ်သူက ဘီဘီစီကို ပြောပြပါတယ်။

သူဟာ စစ်ကြောရေးမှာ စစ်ဆေးခံရတုန်း နားပြည်ယိုတဲ့ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် မပြုတဲ့အတွက် အထက် အာဏာပိုင်တွေကို တိုင်ကြားရာမှာ ထောင်အာဏာပိုင်တွေက အရေးယူမယ်လို့ ချိမ်းခြောက်ခဲ့ကြောင်း ကိုဌေးအောင်ရဲ့အစ်မ မတူးတူးမာက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ကိုဌေးအောင် အတွက် ထောင်ဝင်စာ အဖြစ် ပေးခဲ့တဲ့ ကြက်သားကျော်နဲ့ မုန့်ထုတ်တွေလည်း သူ့ဆီ မရောက်ဖူးလို့ မတူးတူးမာကပဲ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ကိုဌေးအောင်ဟာ အရင်က နားတဖက်သာ ပြည်ယိုရာကနေ ခုဆို နောက်တဖက်ကိုပါ ကူးစက်လာနေပြီး နောက်ဆုံး သတင်းရချိန်မှာ တုတ်ကွေးလဲ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။