ဝါဆိုသင်္ဃန်းကပ်ဖို့ဆိုပြီး ခေါ်စည်းရုံးတဲ့ ကြံ့ခိုင်ဖြိုးပါတီ

  • 14 စက်တင်ဘာ 2010
Image caption ခြင်္သေ့ကိုမဲပေးပါဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထားဝယ်ခရိုင် လောင်းလုံမြို့နယ်မှာ ကျေးရွာ ရယကတွေကတဆင့် ဝါဆိုသင်္ဃန်းကပ်ဖို့ ဆိုပြီး ရွာသား ၆၀၀ လောက်ကို ဆင့်ခေါ်ခဲ့ပြီး သူတို့ပါတီကို မဲပေးဖို့ စည်းရုံးခဲ့တယ်လို့ ဒေသခံ ရွာသားတဦးကပြောပါတယ်။

သူတို့ပါတီဟာ အရည်အချင်းရှိတဲ့ လူတွေ နဲ့ဖွဲ့စည်းထားတယ်၊ ရွာတွေမှာ လိုအပ်နေတဲ့ သွပ်နဲ့ ဘိလပ်မြေတွေ ပေးမယ်လို့ ပြောခဲ့ပြီး ခြင်္သေ့ကိုမဲပေးပါ ဒါမှ တည်ငြိမ်မယ် အေးချမ်းမယ် ဒီမိုကရေစီရမယ်လို့ ပြောခဲ့ကြောင်း အဲဒီအစည်းအဝေးကို တက်ခဲ့ရတဲ့ ရွာသားက ပြောပါတယ်။

ရွာထဲက လူတွေက အရင်ကတည်းက ဒီအစိုးရကို မကြိုက်တဲ့အတွက် ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို မကြိုက်ကြဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့နယ်မှာ ရွေးစရာဆိုလို့ ကြံ့ခိုင်ဖွံဖြိုးရေးနဲ့ တစည ပါတီ ၂ခုဘဲ ရှိတယ်လို့ ပြောပါတယ်။

လောင်းလုံမြို့နယ်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကနေ စီးပွားရေးသမားတွေ ဆရာဝန်တွေ ရှေ့နေတွေ ဝင်အရွေးခံကြမယ်လို့ သိရပါတယ်။