ရှမ်းပြည်နယ်မှာ NLD က မဲမပေးဖို့ စည်းရုံး

  • 13 စက်တင်ဘာ 2010
Ohn Kyaing NLD
Image caption ဦးအုံးကြိုင်က ရှမ်းပြည်နယ်နဲ့ အလယ်ပိုင်းကို သွားရောက်စည်းရုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တချို့ဟာ ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ မဲမပေးလိုက မဲမပေးပဲ နေနိုင်တဲ့ အခွင့်အရေးရှိကြောင်းတွေကို ရှမ်းပြည်နယ်တွင်းမှာ သွားရောက်ဆွေးနွေး ပြောကြားခဲ့ပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုံးကြိုင် ဦးဆောင်ပြီး ရန်ကုန်နဲ့ မန္တလေးတိုင်းက NLD ခေါင်းဆောင်တချို့ဟာ လားရှိုးမြို့ကို သွားပြီး ရှမ်းပြည်နယ်တွင်းက NLD အဖွဲ့ဝင်တချို့နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံပြီး ပြောကြားခဲ့တာပါ။

လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ္မတူ နဲ့ သီပေါ စတဲ့ မြို့နယ်တွေက NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေး တို့နဲ့ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ရပ်တည်ချက်တွေကို NLD မြို့နယ်စည်းအဖွဲ့ဝင်တွေကို သွားရောက်ရှင်းပြ ခဲ့တာလို့ ဦးအုံးကြိုင်က ပြောပါတယ်။

မြို့နယ်အဖွဲ့ဝင်တွေက တဆင့် ဒေသခံလူထုဆီကိုလည်း အမြန်ဆုံး ရှင်းလင်းစည်းရုံးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီရွေးကောက်ပွဲကနေ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်လာမှာ မဟုတ်တဲ့အတွက် လူထုအနေနဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ နေခြင်းအားဖြင့် သူတို့ရဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုပဲ လိုလားတယ်ဆိုတဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ရာ ရောက်တယ်လို့ ဦးအုံးကြိုင်ကို ပြောပါတယ်။

တကယ်လို့ အတင်းအကြပ်မဲပေးခိုင်းရင် ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ သူက ပြောပါတယ်။