နေပြည်တော်က ဝင်အရွေးခံမယ့် နအဖ ဗိုလ်ချုပ်ကြီးတွေ

  • 13 စက်တင်ဘာ 2010

မကြာသေးခင်ကမှ စစ်ဖက် ရာထူးကို စွန့်လွှတ်ခဲ့ကြတဲ့ နအဖ ကောင်စီဝင် တွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နေပြည်တော်ခရိုင် ထဲက မြို့နယ်သစ်တွေ ကနေ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဝင်ရောက် အရွေးခံကြမှာ ဖြစ်ပါတယ်။

Image caption အခုမှ အသစ်အကွက်ချထားတဲ့ မြို့နယ်တွေမှာ နအဖခေါင်းဆောင်တွေ ဝင်ပြိုင်မယ်။

နေပြည်တော် ခရိုင်အတွင်းက သီရိ ငါးမြို့နယ်လို့ လူသိများတဲ့ ဇေယျာသီရီ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိနဲ့ ဇမ္ဗူသီရိ မြို့နယ်တွေမှာ မကြာသေးခင်ကမှ စစ်ဖက်ကနေ အရပ်ဖက် ပြောင်းခဲ့ကြတဲ့ နအဖ ကောင်စီဝင် သူရဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့တွေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အဖြစ် ဝင်အရွေးခံ ကြမှာပါ။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း တွေကို သောကြာနေ့က စိစစ်ပြီးပြီ ဖြစ်ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေ ကနေ တဆင့် ကိုယ်စားလှယ်လောင်း တွေကို အကြောင်းကြား တာသာ ရှိပြီး နိုင်ငံနဲ့အဝန်း ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဘီဘီစီက စုံစမ်း ရရှိတဲ့ စာရင်းအရ ဆိုရင်တော့ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဇမ္ဗူသီရိ၊ ဦးရွှေမန်းက ဇေယျာသီရိ၊ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ် တွေကနေ ဝင်ကြမှာဖြစ်ပါတယ်။

ဒက္ခိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် တွေမှာ ဝင်ပြိုင်မယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း တွေက ဦးမြင့်လှိုင်နဲ့ ဦးကျော်စွာခိုင်တို့ ဖြစ်ပါတယ်။ ကျန်တဲ့ သုံးမြို့နယ် ဖြစ်တဲ့ ပျဉ်းမနား မြို့နယ်မှာ ဦးလှမြင့်ဦး၊ လယ်ဝေးမှာ ဦးဌေးဝင်း နဲ့ တပ်ကုန်း မှာတော့ ဦးမောင်ဦးလို့ အမည် စာရင်းမှာ တွေ့ရပါတယ်။

Image caption ဝန်ကြီးချုပ် ဦးသိန်းစိန်က ဇဗ္ဗူသီရိ မဲဆန္ဒနယ်က ဝင်ပြိုင်မယ်။

အဲဒီသုံးမြို့နယ်မှာ တသီး ပုဂ္ဂလနဲ့ တခြား ပါတီ ကိုယ်စားလှယ် တချို့ အမည်တွေကို တွေ့ရ ပေမယ့် သီရိငါးမြို့နယ် မှာတော့ ကြံခိုင်ဖွံ့ဖြိုးရေးကလွဲရင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသာ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင် နိုင်ပါတယ်။ အဲဒီ ကိုယ်စားလှယ်လောင်း တွေဟာ ဒေသခံ ပါတီဝင်တွေ ဖြစ်တယ်လို့ တစညပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေက ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဖက်က ဒီကနေ့ ထိပ်တန်း စစ်ခေါင်းဆောင်တွေနဲ့ ပြိုင်ရမယ် ဆိုပေမယ့် နိုင်ငံရေး ဆိုတာ ဘာမှ ကံသေကံမ၊ မပြောနိုင်တဲ့အတွက်သူတို့ပါတီ ကိုယ်စားလှယ်တွေ အဲဒီနယ်မြေတွေမှာ အနိုင်ရနိုင် ပါသေးတယ် လို့တော့ ဦးဟန်ရွှေက ဆိုပါတယ်။