ငြိမ်းချမ်းစွာ ဆက်ရပ်တည်ဖို့ ဦးတင်ဦးပြော

  • 15 စက်တင်ဘာ 2010
NLD
Image caption ဗဟန်းက ဒီချုပ် ဌာနချုပ်

ရွေးကောက်ပွဲ ကော်မရှင်က ဒီချုပ် အပါအဝင် နိုင်ငံရေးပါတီ ငါးခုကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာ သွားပြီးနောက် ဒီချုပ် အနေနဲ့ အဖွဲ့အစည်းတခု အဖြစ် ဆက်လက် ရပ်တည်နိုင်အောင် လျှောက်ထားပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆက်လှုပ်ရှား သွားမယ်လို့ ဒီချုပ် ဒုဥက္ကဌ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေး ပါတီတခုဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ဖို့ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်ပြီး နိုင်ငံရေး ပါတီအဖြစ်ကနေ ဖျက်သိမ်း ခံရမှာ ဖြစ်ပါတယ်။

ဒီချုပ် ခုလို ဖျက်သိမ်းခံရမှာကို မျှော်လင့်ပြီးသား ဖြစ်ပြီး အစိုးရက ဖျက်သိမ်းပေမဲ့ အဖွဲ့ချုပ်ကိုတော့ ဆက်ရှိနေတယ်လို့ မှတ်ယူထားကြောင်း ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

ဥပဒေအရ ဒီချုပ်ဟာ အဖွဲ့အစည်းအဖြစ် ရပ်ပိုင်ခွင့် ရှိတာကို တရားရုံးကို တင်ပြ လျှောက်ထားပြီး တရားရုံး ဆုံးဖြတ်ချက် မကျသေးခင် ဒီအတောအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လှုပ်ရှားသွားမယ်လို့ ဦးတင်ဦးက ဘီဘီစီကို ပြောပြပါတယ်။

အဖွဲ့ဝင်တွေ အနေနဲ့ အရင်ထက် ပိုစည်းလုံးမှုရှိအောင် ပြင်ထားဖို့ ဦးတင်ဦးက ပြောပါတယ်။

အင်အယ်ဒီအနေနဲ့ တရားဝင် ရပ်တည်ခွင့် မရှိတော့တဲ့အခါ ပြည်ပကနေ သူ့ကို ထောက်ခံ ရပ်တည်ပေးနေတဲ့ NCGUB ကတော့ ဒီချုပ်ရဲ့ လှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်တွေကို အနီးကပ် စောင့်ကြည့်ပြီး ဆက်လက် ထောက်ခံသွားဖို့ အရေးကြီးတာကို နိုင်ငံတကာကို သံတမန် လမ်းကြောင်းတွေကနေ ဆက်လက် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

တခါ ဒီချုပ်က ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပြည်သူလူထု ကိုယ်စား ဖော်ထုတ်တဲ့ ကိစ္စတွေကို နိုင်ငံတကာမှာ တွန်းအား ဖိအားတွေ ဖြစ်လာအောင် ထောက်ခံမှု ဆက်ရအောင် ဆက်လက် ကြိုးစားသွားမယ်လို့ NCGUB နိုင်ငံခြားရေး ဝန်ကြီး ဦးဘိုလှတင့်က ပြောပါတယ်။

ဒါပေမယ့် မြန်မာ့ နိုင်ငံရေး သမိုင်းမှာ စစ်အစိုးရက နိုင်ငံရေး အဖွဲ့အစည်းတွေကို ဖျက်သိမ်းခဲ့ပေမဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ ဆက်ပေါ်မြဲ ပေါ်နေခဲ့တာ ဖြစ်တယ်လို့လည်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှုး ဦးခင်မောင်တင့်က ပြောသွားပါတယ်။