နိုင်ငံရေးအကျဉ်းသားတဦး ထောင်ဒဏ် နှစ် ၂၀ ထပ်တိုး

  • 15 စက်တင်ဘာ 2010
Insein
Image caption နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန် အကျဉ်းထောင်

လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဖမ်းဆီးခံရပြီး အင်းစိန်ထောင်ထဲမှာ လောလောဆယ် ထောင်ဒဏ် ၃၈ နှစ် ကျခံနေရတဲ့ ABSDF အဖွဲ့ဝင် ကိုအေးမင်းနိုင်ကို တရားရုံး ၂ ခုက ဒီကနေ့ပဲ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်ချလိုက်တယ်လို့ သိရပါတယ်။

သူအပါအဝင် လူ ရ ယောက်ပါအဖွဲ့ကို ပစ်ဒဏ်တွေ ထပ်တိုးချလိုက်တာလို့ သိရပါတယ်။

ကိုအေးမင်းနိုင်တို့ကို ၂၀၀၈ ခုနှစ်က ပြည်မြို့နယ်မှာ ဖေါက်ခွဲမှု တရားမဝင် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှု လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၃၈ နှစ်ချမှတ်ပြီးတဲ့နောက်ပိုင်း နောက်တိုး ၃ နှစ်နဲ့ အင်းစိန်ထောင်ပြောင်းပြီး ဒီကနေ့ အခုလို အနှစ် ၂၀ ထပ်မံချလိုက်တာလို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အနောက်ပိုင်းခရိုင် ပန်းပဲတန်းမြို့နယ်တရားရုံးက ဖေါက်ခွဲသုံးနဲ့ ၁၀ နှစ်၊ နောက်တခါ အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်တရားရုံးက ၁၀ နှစ်နဲ့ဒီကနေ့ ၂ မှု အတွက် ပြစ်ဒဏ် ချလိုက်တာဖြစ်တယ်လို့ မိသားစုဝင်ကပဲ ဘီဘီစီကို ပြောပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမောင်မောင်လတ်က “ ၄ နှစ်လောက်က ကိစ္စကို ၂၀၀၈ ခုနှစ် မိတဲ့ပစ္စည်းနဲ ့ အခုလက်ရှိ ရန်ကုန်မှာပေါက်တဲ့အမှုကို ရန်ကုန်တိုင်း အထူးရဲက စစ်တဲ့အခါ အမှုမှန်တယ်ဆိုပြိး အမှုဆွဲတင်လာတာပဲဗျ၊ ခက်တာက ၂၀၀၄ ခု၊ ၂၀၀၅ ခုနှစ်က ပစ္စည်းတွေကို မမိလို ့ ယာယီရုပ်သိမ်းပြီး ၂၀၀၈ ခုနှစ် ပြည်မှာမိတဲ့ပစ္စည်းနဲ ့ ပါရာလူးမောမှာပေါက်တဲ့ပစ္စည်း ဆက်စပ်တယ်ဆိုလို့ရှိရင် ဒီပစ္စည်းတွေက ဘယ်လိုပစ္စည်းဆိုတာ ပါရဂူတွေကနေ ထောက်ခံချက်ပေးရမယ်ဗျ၊ စစ်တာဆေးတာတွေက ဥပဒေနဲ့တော့ မညီဘူးပေါ့ဗျာ ” လို့ ဘီဘီစီကို ပြောပြပါတယ်။

တောင်ဥက္ကလာပမြို့နယ် ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းဆိုင်ရာ တရားရုံးမှာ အမှုဆက်ပြီး ရင်ဆိုင်ရဦးမယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ နောက်တိုး ၂ မှုနဲ့ ထောင်ကျသွားသူတွေကတော့ ပြည်က ကိုအေးမင်းနိုင်နဲ့ဇနီး မစန်းစန်းမော်၊ ကျော်ဇင်ဦး၊ ရှမ်းပြည်က ကျော်စွာလင်း၊ ပေါင်းတည်က ကိုဇော်လွင်၊ ကျိုက်ထိုက ဒေါ်ခင်ရီ၊ အောင်လံက ထက်ကိုလွင်တို့ဖြစ်ပါတယ်။