မြန်မာဆီ ဗြိတိန်အကူအညီ တိုးပေးဖို့ တောင်း

  • 16 စက်တင်ဘာ 2010
Zoya
Image caption ဗြိတိသျှဝန်ကြီးနဲ့ တိုင်းရင်းသူများတွေ့ဆုံ

ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး Andrew Mitchell နဲ့ မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ဝင်တွေ မနေ့တုန်းက လန်ဒန်မှာရှိတဲ့ ဝန်ကြီးရဲ့ ရုံးမှာ မြန်မာပြည်အကူအညီ ပေးရေး ကိစ္စတွေကို တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

Burma Campaign UK အဖွဲ့က မစ္စတာ Mark Farmaner၊ မိုဘုနဲ့ ဇိုရာဖမ်းတို့က သွားရောက် တွေ့ဆုံခဲ့တာပါ။

ဗြိတိန်မှာ ညွန့်ပေါင်းအစိုးရတက်လာပြီးနောက် ညွန်ပေါင်းအစိုးရ ဝန်ကြီးတစ်ဦးနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ဗြိတိသျှနိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနဟာ မြန်မာအပါအဝင် နိုင်ငံတကာကို အကူအညီပေးနေတဲ့ ဌာနဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဒေသနဲ့ မြန်မာပြည်တွင်း ကရင်၊ ကရင်နီ နဲ့ ရှမ်းဒေသဘက်က ဒေသတွင်းပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာပုန်းရွာရှောင်တွေဆီကို အကူအညီက အနည်းအကျဉ်းပဲ ရောက်တယ်လို့ ကရင်တိုင်းရင်းသူ ဇိုရာဖမ်းက ပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာလည်း အရင်က ပေးနေတဲ့ ဥရောပသမဂ္ဂဘက်က အကူအညီတွေ လျော့နည်းလာတာဟာ ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဝန်ကြီး Mr. Mitchell ကတော့ သူ့အနေနဲ့ အကူအညီပိုပေးနိုင်ဖို့ အကောင်းမြင်ကြောင်း ၊ ဒါပေမယ့် ဘတ်ဂျတ်စာရင်း တရားဝင်ထွက်မယ့် အောက်တိုဘာလကျမှ သိရမှာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုကြောင်း ဇိုရာဖမ်းက ပြန်ပြောပြပါတယ်။

ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြတာကတော့ အခု ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံအပေါ် အကူအညီ စတာလင်ပေါင် ၂၅ သန်းပေးဖို့ လျာထားတယ်လို့ ဖော်ပြထားပြီး ဒုက္ခသည်တွေနဲ့ အဓမ္မရွေ့ ပြောင်းခံရတဲ့ ရွာပုန်းရွာရှောင်တွေအတွက် ၂၀၀၉ ကစလို့ သုံးနှစ်စာ အကူအညီအဖြစ် ပေါင် ၇ သန်းခွဲပေးဖို့ ဘတ်ဂျတ်ချထားတယ်လို့ ဖော်ပြပါတယ်။