လယ်သမားတွေ ဗိုလ်ချုပ်မှူးကြီးဆီ စာပို့အသနားခံ

  • 15 စက်တင်ဘာ 2010

ပဲခူးတိုင်းက လယ်သမားကြီးတွေက ကုန်ဈေးနှုန်းတွေမြင့်တက်လို့ အကြွေးတွေ ပင်လယ်ဝေနေကြပြီး လယ်ပိုင်ရှင်ဘဝက လယ်ကူလီဘဝ ရောက်နေကြရတာကို ကယ်တင် ဖြေရှင်းပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို အသနားခံစာ ရေးသားတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Image caption လယ်သမားတွေရဲ့ ဘဝ လုံခြုံမှုမရှိ။

ဒီ အသနားခံစာကို ပဲခူးတိုင်း ဝေါ၊ သနပ္ပင်နဲ့ကဝမြို့နယ် တွေထဲက ကျေးရွာ ၁၅ ရွာက လယ်သမား ၇၅ ဦး လက်မှတ်ထိုးပြီး၊ ပြီးခဲ့တဲ့ လကုန်ပိုင်းက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီလို စာရေး တောင်းဆိုတာနဲ့ ပတ်သက်ပြီး စာတင်တဲ့ လယ်သမားတစ်ဦးက လယ်တစ်ဧကကို ငွေ ၁ သိန်းကျော်လောက်ရင်းရပေမယ့်၊ နိုင်ငံတော်က ၂ သောင်းလောက်ပဲ အမတော်ကြေး ထုတ်ချေးတော့ လယ်သမားတွေမှာ ပြင်ပ အကြွေးနဲ့ အတိုးတွေတက်နေကြောင်း၊ ဝမ်းစာစပါးတောင် မကျန်ကြောင်း၊ လယ်မြေတွေလည်း ဆုံးရှုံးရေကြောင်း၊ လယ်သမားဘဝကနေ မြေမဲ့ လယ်ကူလီဘဝရောက်ဖွယ်ရှိကြောင်း ဘီဘီစီကို ပြောပြပါတယ်။

ဒီစာရဲ့ မိတ္တူကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြိး မောင်အေးအပါအဝင် ရန်ကုန်မြို့က ILO ရုံး၊ UNDP ရုံး၊ အမေရိကန်သံရုံး နဲ့ NLD ဥက္ကဌရုံးတွေကိုလည်း ပေးပို့ ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံ့အကြီးအကဲဆီ အမြန်ချောနဲ့ပို့ပေးခြင်းဖြစ်ကြောင်း တစုံတရာ ပြန်ကြားပြောဆိုခြင်းတော့ မရသေးတဲ့အကြောင်း စာတင်တဲ့လယ်သမားကပဲ ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ လယ်သမားတွေဟာ ကြွေးမြီတွေကြောင့် လယ်အသိမ်းခံရ၊ တရားစွဲခံရ တာတွေ ရှိပါတယ်။ တချို့လယ်သမား တွေဆိုရင် ကြွေးမြီကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့သတင်းအထိ ဒီနှစ်ပိုင်းတွေမှာ ကြားလာနေရပါတယ်။