အကြော်ဆိုင်တချို့ ဆီထဲ ပလပ်စတစ်ဘူးတွေ ထည့်ကြော်

  • 16 စက်တင်ဘာ 2010

မြန်မာနိုင်ငံရဲ့ အကြော်ဆိုင်တချို့မှာ အကြော်ကြော်တဲ့ ဆီပူထဲကို ရေသန့်ဗူးခွံတွေ ပလပ်စတစ်အိတ်တွေ ထည့်ပြီး ကြော်နေကြတယ်လို့ သိရပါတယ်။

Image caption မြန်မာတွေအတွက် အကြော်စုံဟာ သွားရည်စာ သာမက၊ ဟင်းလျာလည်းဖြစ်

အကြော်လှပြီး ကျွပ်ကျွပ်ရွရွလေးဖြစ်အောင်နဲ့ ကြာကြာအထားခံအောင် ဒီလို ထည့်ပြီး ကြော်ကြတာဖြစ်တယ်လို့ မြန်မာ မော်ဒယ်တိုင်း ဂျာနယ်က ရေးသား ထားပါတယ်။

“ရပ်ကွက်ထဲမှာ အကြော်တစ်ခုကို ငါးဆယ် အဲသလိုဝယ်စားရတယ်လေ၊ အကြော်ထဲမှာ ပလပ်စတစ်ဗူးခွံတွေ ထည့်ကြော်တာ ကျမ ကြားတော့ ကြားဖူးတယ်” လို့ ရန်ကုန်က အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“ကျမတို့က အကြော်စုံလေး ဗန်းလေးနဲ့ခင်းထားတော့ စားချင်စရာလေးမို့ စားလိုက်တာပေါ့၊ များသောအားဖြင့် ဘူးသီးကျော်တို့ ဗယာကျော်တို့ စားတယ်၊ ဆိုင်က အိုးကြီးထဲမှာ ဆီထည့်ကြော် အဲဒီဆီလက်ကျန်ကို နောက်တစ်နေ့ပြန်သုံး ဒီလိုထပ်ထပ်ပြီး ဒီဆီနဲ့ပဲကြော်လို့ မစားချင်တော့တာ အခုလို ပလပ်စတစ်နဲ့ ကြော်တယ် ဆိုတာမျိုးကျတော့ လုံးဝကို မစားသင့်ဘူးပေါ့” လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဒီလို ဆီပူထဲကို ပလပ်စတစ်တွေ ထည့်ကြော်တာဟာ ကျန်းမာရေး အရ ဆိုးကျိုးက မှန်းရခက်ပြီး အတိုင်းအဆမရှိဖြစ်သွားနိုင်တယ်လို့ စင်္ကာပူနိုင်ငံ ဆေးရုံကြီး ပြည်သူ့ ကျန်းမာရေးဌါနက ဒေါက်တာအောင်မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီလိုဆီမျိုးနဲ့ ကြော်ထားတဲ့ အကြော်တွေ စားခြင့်ဖြင့် အစာအိမ်မှာ ဖြစ်နိုင်တဲ့ရောဂါမျိုး၊ သွေးထဲမှာဖြစ်တဲ့ရောဂါမျိုး၊ နှလုံးမှာထိခိုက်တာမျိုး၊ နောက်ဆုံးမှာ ကင်ဆာလည်း ဖြစ်နိုင်တဲ့အကြောင်း ဒေါက်တာ အောင်မြင့်ဦးက ပြောပါတယ်။

လူထုကို ကျန်းမာရေးမထိခိုက်ဖို့ အတွက်တော့ အဓိကအားဖြင့် ကျန်းမာရေး ပညာပေးတဲ့ အပိုင်းနဲ့ ဒီလိုအလုပ်နဲ့ စီးပွားရေး လုပ်နေတဲ့သူတွေကို ရှာဖွေ ဖေါ်ထုတ် အရေးယူ တားမြစ်ဖို့ အမြန်ဆုံး လိုအပ်တဲ့ အကြောင်းကိုလည်း ဒေါက်တာအောင်မြင့်ဦးက ဘီဘီစီကို ပြောပြသွားပါတယ်။