NLD ကို ဖျက်သိမ်းလိုက်တဲ့ နအဖရဲ့ နောက်ကွယ်က သဘောထား

  • 16 စက်တင်ဘာ 2010

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လူထုရဲ့ တခဲနက် ထောက်ခံမှုရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို နိုင်ငံရေးပါတီ အဖြစ်က ဖျက်သိမ်းခဲ့တာဟာ မြန်မာ နအဖ ခေါင်းဆောင်တွေက အန်အယ်လ်ဒီ ကို အခုအချိန်အထိ ပြည်သူရဲ့ ထောက်ခံမှု ရနေသေးတဲ့ ပါတီတခု အဖြစ် မြင်နေတာကြောင့် ဖြစ်တယ်လို့ အင်္ဂလန် စီးပွားရေး တက္ကသိုလ်က မြန်မာ့အရေးဆိုင်ရာ ပညာရှင် ဒေါက်တာဇာနည်က ပြောပါတယ်။

ဒါကြောင့် အခု အန်အယ်လ်ဒီကို တရားမဝင်ကြောင်း မကြေငြာဘူးဆိုရင် အန်အယ်လ်ဒီရဲ့ အန္တရာယ် ပိုပြီးကြီးထွားလာမယ်လို့ နအဖက သုံးသပ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ အန်အယ်လ်ဒီ ဆက်မှတ်ပုံမတင်ကတည်းက တရားဥပဒေအရ ပျက်ပြယ်ကြောင်း ကြေငြာနိုင်ပေမဲ့ အခုအချိန်အထိ စောင့်ဆိုင်းခဲ့တာဟာ အန်အယ်လ်ဒီ ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ခဲ့တာ ဖြစ်နိုင်သလို သူတို့ အနေနဲ့ ပြင်ဆင်မှုတွေ မပြီးသေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။

နအဖဟာ သူတို့ ပြည်သူရဲ့ ထောက်ခံမှု လေးစားမှု မရတဲ့ အပေါ်မှာ ပြည်သူထောက်ခံမှု လေးစားမှုရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ခေါင်းဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ကြောက်လို့ ကြောက်ကန်ကန်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။

နအဖစစ်ဗိုလ်ချုပ်တွေဟာ အရာရာကို စစ်သားအမြင် စစ်ဗိုလ်အမြင်နဲ့ ကြည့်လေ့ရှိကြကြောင်း၊ အခုရွေးကောက်ပွဲကို မဲသဝေါလို စခန်းတခုကို ဝင်သိမ်းတဲ့ ပုံစံမျိုး လုပ်လို့ မရကြောင်း၊ နိုင်ငံရေးမှာ စစ်သားက စစ်သားလို ဆက်လုပ်နေရင် မှားမယ်လို့ ဒေါက်တာဇာနည်က သုံးသပ်ပါတယ်။