ဘာလင်မြို့မှာ မြန်မာ့အရေး ဆွေးနွေး

  • 17 စက်တင်ဘာ 2010
vote
Image caption ဒေါက်တာ ခင်ဇော်ဝင်း

ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ Friedrich-Ebert-Stiftung အဖွဲ့က ကြီးမှူး ကျင်းပတဲ့ မြန်မာ့ ရွေးကောက်ပွဲ မတိုင်မီ အကြို ဆွေးနွေးပွဲ တရပ် ကျင်းပရာမှာ အတိုက်ခံဒီမိုကရေစီအင်အားစုတွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲကနေ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ပေါ်ထွက်လာပြီး နိုင်ငံရေးလှုပ်ရှားမှု လွပ်လပ်ကျယ်ပြန့်လာမယ်ဆိုတဲ့ သဘောကို ဆွေးနွေးပွဲဖိတ်စာမှာ ဖော်ပြထားတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကန့်ကွက်လိုက်ပြီး ဒီဖော်ပြချက်ဟာ တကယ့်ဖြစ်ရပ်နဲ့ ကင်းကွာနေကြောင်း ပြောပါတယ်။

ဆွေးနွေးပွဲ တာဝန်ခံ တစ်ဦးဖြစ်တဲ့ မစ္စတာ Konstantin Barwaldt ကတော့ ဒီ ဆွေးနွေးပွဲ ကို အမြင်အမျိုးမျိုး ပါဝင်ဆွေးနွေးညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့ ပုံကိုရှင်းပြပါတယ်။

မြန်မာ့ ရွေးကောက်ပွဲရဲ့ အနာဂတ်ဟာ တရားမျှတမှု အပိုင်းမှာ သံသယ ဖြစ်စရာ ရှိပေမဲ့ ရွေးကောက်ပွဲ ပြီးရင် ဘာ တွေဖြစ် လာ နိုင်မလဲ ဆိုတာကို ဆွေးနွေး ကြတာကို ဘီဘီစီ ကိုပြောပြပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်တဲ့ မြန်မာနိုင်ငံမှ ဒေါက်တာ ခင်ဇော်ဝင်း ကလဲ ရွေးကောက်ပွဲဟာ မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်တယ်၊ ဒါပေမယ့် ရွေးကောက်ပွဲမှာ အားနည်းချက်အဖြစ် အစိုးရ ကိုယ်စားပြု ပြည်ခိုင်ဖြိုး ပါတီက ငွေအင်အား၊ လူအင်အား တောင့်တင်းနေပြီး တခြားပါတီတွေအနေနဲ့ ယှဉ်ပြိုင်ဖို့ခက်ခဲနေကြောင်း ဘီဘီစီကို ပြောပြပါတယ်။

ဒေါက်တာ ခင်ဇော်ဝင်းကို ဆွေးနွေးခွင့် ပြုတာနဲ့ ပတ်သက်လို့ ဝေဖန်ကြတာကို တုံ့ပြန်ရာမှာတော့ ဂျာမဏီ လို လွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လပ်စွာ ပြောခွင့် ရှိကြောင်း ဘီဘီစီ ကို ဖြေကြားသွားပါတယ်။

ရန်ကုန်က ဒေါတ်တာ ဖုန်းဝင်း အပါအဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အဖြစ် အရွေးခံမဲ့ သူတွေ ကလဲ ဒီအစည်းအဝေး ဟာ မြန်မာ့ နိုင်ငံရေး အဖွဲ့အတွင်း စိတ်ဝမ်းကွဲစေ လို့ ကန့်ကွက်တဲ့ အကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။