ရွေးကောက်ပွဲ ကျင်းပ မပေးနိုင်တဲ့ ဒေသစာရင်း ကြေညာ

  • 17 စက်တင်ဘာ 2010
Image caption ရွေးကောက်ပွဲ နီးလာချိန် သတင်း မီဒီယာတွေကို လူထု စိတ်ဝင်စားလာ

ကချင် ၊ ကယား ၊ မွန် ၊ ကရင် ၊ ရှမ်း စတဲ့ ပြည်နယ်ငါးခုက တချို့ ဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မရှိလို့ ရွေးကောက်ပွဲ ကျင်းပပေးမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို မကျင်းပနိုင်တဲ့ နယ်မြေတွေရဲ့ စာရင်းကို မနေ့ညတုန်းက အစိုးရပိုင် ရုပ်မြင်သံကြားမှာ ကြေညာ သွားခဲ့ပါတယ်။

အဲဒီဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဘာကြောင့် မဖြစ်နိုင် ရသလဲ ဆိုတာကိုတော့ ထည့်ပြော မသွားခဲ့ပါဘူး။

အခု ရွေးကောက်ပွဲ ကျင်းပပေးမှာ မဟုတ်ဘူးလို့ ပြောနေတဲ့ ပြည်နယ်ငါးခုဟာ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ ခြေကုပ်ယူတဲ့ နေရာ ၊ အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေး အစီအစဉ်ကို ငြင်းဆန်နေတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။

တကယ်တော့ နိုဝင်ဘာလမှာ ကျင်းပမယ့် အဲဒီ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဆိုပြီး နိုင်ငံတကာက လေ့လာ သုံးသပ်သူတွေက ပြောနေတာ ဖြစ်ပါတယ်။