တရားမဝင် ကာဖြူးထုတ်ထားသလိုဖြစ်နေတဲ့ ကချင်ပြည်

  • 17 စက်တင်ဘာ 2010
Kachin
Image caption ကချင်ပြည်နယ်နဲ့ ကချင်အမျိုးသမီးများ

ကချင်ပြည်နယ်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (၁၄၂) က မနက် (၇)နာရီကနေ ညနေ(၇) နာရီအတွင်း သွားလာမှုတွေ ကန့်သတ်ထားတဲ့ အတွက် တရားမဝင် ကာဖြူးအမိန့်ထုတ်ထားသလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လိုင်ဇာအဝင် လဂျားယန်မှာ မြန်မာစစ်တပ်က သံဆူးကြိုး တွေချပြီး ပိတ်ပင် တားဆီး မှု တွေလုပ်ထားပါတယ်။ အခုလို ပိတ်ပင် တားဆီးမှု ကြောင့် ဒေသခံ တွေ အတွက် အခက်အခဲ အများ အပြား ကြုံတွေ့နေ ရတယ်လို့လည်း ဆိုပါတယ်။

ကေအိုင်အို၊ ကေအိုင်အေတပ်သား တွေရဲ့ သွားရေးလာရေး အတွက်ကိုလည်း မြောက်ပိုင်း တိုင်း ဗျူဟာမှူး ဆီက ခွင့်ပြုချက် ကြိုတောင်းရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့ခွင့်ပြုချက်တောင်းခံတဲ့ အခါမှာလည်း ခွင့်ပြုချက်ကို တပတ်ကျော်ကြာတဲ့အထိ ချမပေးတဲ့အတွက် တမင် ကြန့်ကြာအောင် လုပ်ထားတယ်လို့ ကေအိုင်အို တပ်သားတွေက ယူဆနေကြပါတယ်။

ကေအိုင်အိုတပ်သားတွေရဲ့ ဥယျာဉ်ခြံမြေတွေဟာ လဂျားယန်အကျော်မှာရှိတဲ့ အတွက် သူတို့ဟာ ကိုယ့်အိမ်၊ ကိုယ့်ယာရှိရာကို ပြန်ဖို့တောင် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

အခုလို တင်းကြပ်မှုတွေကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကို ဒေသခံပြည်သူတွေ ကလည်း စိုးရိမ်ပူပန် နေကြပါတယ်။