စင်္ကာပူနေ မြန်မာတွေကို နိုင်ငံသားလျှောက်ခိုင်း

  • 18 စက်တင်ဘာ 2010
singapore
Image caption စင်္ကာပူမှာ မြန်မာတွေ အများအပြားနေထိုင်

စင်္ကာပူနိုင်ငံမှာ PR လို့ ခေါ်တဲ့ အမြဲ နေထိုင်ခွင့် ရထားသူ မြန်မာ အပါအဝင် နိုင်ငံခြားသားတွေကို စင်္ကာပူ နိုင်ငံသား ခံယူဖို့ စင်္ကာပူ အစိုးရက ဖိအားပေးမယ်လို့ သိရပါတယ်။

PR ရပြီး စင်္ကာပူ နိုင်ငံသား မခံရင် PR သက်တမ်း တိုးမပေးဘူးလို့လည်း ဆိုပါတယ်။

စင်္ကာပူနိုင်ငံသား ခံယူသူဟာ မြန်မာ နိုင်ငံသား လက်မှတ် ပူးတွဲ ကိုင်ဆောင်ခွင့် မရှိတာကြောင့် နိုင်ငံသား လက်မှတ် တခုခုကို စွန့်ရမှာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသားတွေထဲမှာ ထူးချွန် ထက်မြက်သူ တွေကို စင်္ကာပူ အစိုးရက PR လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့် လက်မှတ် ထုတ်ပေးလေ့ရှိပြီး အလုပ်ကောင်း၊ လခဝင်ငွေ ကောင်းသူတွေကို စင်္ကာပူ နိုင်ငံ့အကျိုး အတွက် အစိုးရက နိုင်ငံသား ခံယူစေလိုနေတာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ နိုင်ငံသား လက်မှတ် ရထားသူ တဦးဟာ PR ရထားသူ တဦးထက် စာရင် အိမ်ဝယ်ခွင့်ငွေ တချို့တဝက်ကို အစိုးရက စိုက်ထုတ်ပေးတာက အစ ကျန်းမာရေး၊ ပညာရေး ကုန်ကျစားရိတ် အဆုံး အခွင့်အရေးတွေ အများကြီး ပိုရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စင်္ကာပူမှာ PR ရပြီးသူ မြန်မာတွေထဲမှာ ကလေး ရှိသူတွေကသာ သားသမီး ရင်သွေးတွေရဲ့ ပညာရေး ရှေ့ရေးအတွက် စင်္ကာပူ နိုင်ငံသား ခံဖို့ ဝန်မလေးကြပေမဲ့ သားသမီး မရှိသူ တချို့ကတော့ အသက်ကြီးလာလို့ အငြိမ်းစား ယူချိန်မှာ မြန်မာပြည်မှာပဲ မိသားစု ဆွေမျိုးတွေနဲ့ ပြန်အခြေချ လိုတာကတကြောင်း၊ စင်္ကာပူမှာ နေထိုင် စားရိတ်ခ ကြီးတာက တကြောင်းကြောင့် စင်္ကာပူ နိုင်ငံသား မခံလိုပဲ မြန်မာနိုင်ငံသား လက်မှတ်ကိုပဲ ဆက်ကိုင်ထားချင်ကြတယ်လို့ စင်္ကာပူမှာ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။