မြန်မာ သတင်းစာ စွပ်စွဲချက် NLD ပယ်ချ

  • 19 စက်တင်ဘာ 2010
U Nyan Win
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း

ရွေးကောက်ပွဲ ကော်မရှင်ဟာ သူတို့ဆီမှာ မှတ်ပုံတင် မထားတဲ့ နိုင်ငံရေး ပါတီဟောင်းကို ဖျက်သိမ်းနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာ မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုခဲ့ပါတယ်။

ဒီလို ဆိုတာနဲ့ ပတ်သက်ပြီး ဒါဟာ ဥပဒေကို မျက်ကွယ် ပြုတာ ဆိုပြီး မြန်မာ သတင်းစာ တွေမှာ ၂ ရက် ဆက်တိုက် ဝေဖန် ရေးသား ခဲ့သလို ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်ဆိုပြီး ပြောဆို စည်းရုံးတာ ဟာလည်း မဲဆန္ဒရှင်တွေ အပေါ် မလျော် သြဇာသုံးတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့ ငြိစွန်း နိုင်တယ်လို့ ရေးသား ထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင်လည်းဖြစ်ပြီး ဥပဒေ ပညာရှင် တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ ဆောင်းပါး ရေးသူက ပုဒ်မ ၂၆ ကိုညွှန်းပြီး ကြေညာချက် ထုတ်နိုင်တာကို ပြောနေတာ ဖြစ်ကြောင်း၊ ဥပဒေ ပြဌာန်းချက် အရ ကော်မရှင်မှာ မှတ်ပုံ တင်တဲ့ ပါတီကို ပြောထားတဲ့ အကြောင်းကို ခြွင်းချန်ရေးသားထားတဲ့ အတွက် ဆောင်းပါးရှင်ကသာ ဥပဒေကို မျက်ကွယ်ပြုတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မဲမပေးဘဲနေဖို့ စည်းရုံးပြောဆိုရင် ဥပဒေနဲ့ ငြိစွန်းနိုင်တယ်ဆိုတဲ့ ဆောင်းပါးရှင်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့လည်း မဲမပေးပဲ နေနိုင်ခွင့်ဆိုတာ ဥပဒေပါပြဌာန်းချက် ဖြစ်တဲ့ အတွက် ဒါကိုပြောလို့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် ဥပဒေဟာ ဘာမှ အသုံးမဝင်တော့ဘူးလို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။