ဒီမိုကရေစီရမှ အမျှဝေပါ

  • 19 စက်တင်ဘာ 2010
Win Maw Oo
Image caption သေနတ်ထိမှန် သေဆုံးခဲ့သူ မဝင်းမော်ဦး

ဒီကနေ့ဟာ ၁၉၈၈ ခုနှစ်တုန်းက ရန်ကုန်မြို့က ဆန္ဒပြသူ ပြည်သူတွေကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။

အဲဒီတုန်းက ပစ်ခတ်သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တဲ့ ရှစ်တန်း ကျောင်းသူ မဝင်းမော်ဦးရဲ့ မိသားစုက ဒီကနေ့ လှိုင်သာယာနေအိမ်မှာ ဆွမ်းကျွေးခဲ့ ကြပါတယ်။

ကြည့်မြင်တိုင် အလက(၄)က ရှစ်တန်း ကျောင်းသူ မဝင်းမော်ဦးဟာ သေဆုံးချိန်က အသက် (၁၆) နှစ်ပဲ ရှိပါသေးတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို ဖက်တွယ် ဆန္ဒပြရင်း ကျဆုံးခဲ့ရတဲ့ မဝင်းမော်ဦးရဲ့ ၂၂ နှစ်မြောက် ဒီကနေ့မှာ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက “ သူ့နာမည်ခေါ်ပြီးမှ အမျှအတမ်းဝေတာ မလုပ်သေးပါဘူး၊ သူ မသေခင်က ပြောထားတာ သမီးကို ဒီမိုကရေစီရမှ အမျှအတမ်းဝေပါလို့ သူက မှာသွားတာ၊ အခု ရဟန်းရှင်လူ ပြည်သူကျောင်းသားတွေ ကျမသမီးလိုပဲ အဖြစ်ဆိုးနဲ့ မကြုံရအောင် ထိန်းသိမ်း စောင့်ရှောက် ကြပါလို့ ကျမ ပြောချင်ပါတယ် ” လို့ ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ မဝင်းမော်ဦးကျဆုံးခြင်း ၂၂ နှစ်မြောက် ဆွမ်းကြွေးကို နိုင်ငံရေးအဖွဲ့ အစည်းနဲ့ ကျောင်းသူ ကျောင်းသား (၁၀၀)ကျော် တက်ရောက် ကြတယ်လို့ သိရပါတယ်။