အာဆီယံလူ့အခွင့်အရေးကောင်စီ ဆွေးနွေး

  • 20 စက်တင်ဘာ 2010
COHRE
Image caption ဂျီနီဗာ အခြေစိုက် COHRE

မြန်မာနိုင်ငံ အပါအဝင်အာရှနိုင်ငံတချို့မှာ ပြည်သူတချို့ နေအိမ်က ဖယ်ရှားခံရတဲ့ အခြေအနေမျိုးတွေ နဲ့ပတ်သက်ပြီး ထုတ်ဖေါ်ဆွေးနွေး ဖြေရှင်းပေးဖို့ ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗါ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ တစ်ခုက အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်ကို မနေ့က တိုက်တွန်းခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် AIHCR ရဲ့ ဒုတိယအကြိမ်မြောက်အစည်း အဝေးနဲ့ တိုက်ဆိုင်ပြီး အိုးအိမ်နေထိုင်ပိုင်ခွင့်နဲ့ နေအိမ်က ဖယ်ရှားမှုဆိုင်ရာ အဖွဲ့ COHRE က ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခတွေကြောင့် အိုးအိမ်က အဓမ္မ ဖယ်ရှားခံရတဲ့ ကိစ္စမျိုးတွေ ဆိုးဆိုးရွားရွား ဖြစ်နေတာ ကြာပြီလို့ COHRE ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ မစ္စတာရိုလန်ဒို မိုဒီနာက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ရေကာတာတည်ဆောက်ရေး၊ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး နဲ့ ပမာဏကြီးမားတဲ့ သတ္တုနဲ့ ကျောက်မျက်တူးဖော်ရေး စတဲ့ စီမံကိန်းတွေမှာလည်း အိုးအိမ်တွေ ဖယ်ရှားခံရသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ဘာမှ ဆောင်ရွက်မပေးနိုင်တဲ့ အဖွဲ့လို့ ဝေဖန်ခံရမှုတွေရှိသလို အများကြီး မျှော်လင့်လို့ မရပေမယ့် ရေရှည်မှာတော့ အာဆီယံလူထုအတွက် တစုံတရာလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်အကြောင်း ၊ အဲဒီလို လုပ်နိုင်အောင် တွန်းအားပေးမှာ ဖြစ်တဲ့အကြောင်း မစ္စတာ မိုဒီနာက ပြောပါတယ်။