ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဆုချီးမြှင့်

  • 20 စက်တင်ဘာ 2010
ဇိုရာဖန်းနဲ့ NLD LA မှဦးညိုအုံးမြင့်
Image caption ဇိုရာဖန်းနဲ့ NLD LA မှဦးညိုအုံးမြင့်

CALD လို့ခေါ်တဲ့ အာရှ လစ်ဘရယ်ဒီမိုကရက် ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေနဲ့ အထူး အသင်းသူဆုကို ချီးမြှင့် လိုက်ပါတယ်။

ဒီလိုချီးမြှင့်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်မှု၊တရားမျှတမှုနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အခိုင်အမာ ထောက်ခံလိုက်တာ ဖြစ်တယ်လို့ အဲဒီကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အထိမ်းသိမ်းခံနေရတဲ့အတွက် သူမကိုယ်စား Burma Campaign UK မှ ဇိုရာဖန်းကတက်ရောက်လက်ခံပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားတွေကပါ လေးစားယုံကြည်သလို မြန်မာ့ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး အတွက် အနစ်နာခံပြီး လူထု ရှေ့က မားမားမတ်မတ်ရပ်တည်မှု ကို အသိအမှတ်ပြုရာ ရောက်တယ်လို့ ဇိုရာက လက်ခံမိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားပါတယ်။

ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးစပေးတာဖြစ်ပြီး အခု လီဗာပူးမြို့ လစ်ဘရယ်ဒီမိုကရက်ညီလာခံနဲ့ ချိန်ကိုက် ပေးလိုက်လို့ မြန်မာ့အရေးကို တကမ္ဘာလုံးပိုသိအောင်၊ပိုထောက်ခံမှုရေအောင် လုပ်လိုက်တာလို့ ဇိုရာက ဘီဘီစီကို ပြောပါတယ်။

CALD ဟာ ဖိလစ်ပို လစ်ဘရယ်ပါတီ၊ ထိုင်း ဒီမိုကရက် ပါတီအပါအဝင် ထိုင်ဝမ်၊သီရိလင်္ကာ၊ ကမ္ဘောဒီယား၊မလေးရှား၊စင်္ကာပူစတဲ့ နိုင်ငံတွေမှ လစ်ဘရယ် ဒီမိုကရက်တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။