ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်း ထုတ်ပြန်

  • 20 စက်တင်ဘာ 2010
Image caption အမျိုးသားဒီမိုကရေစီအင်အားစုကတော့ မဲစာရင်းကူးဖို့ ငွေကြေး ထပ်ကုန်မှာစိုး

၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းကို မြန်မာနအဖ အစိုးရက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပေမယ့် ရှင်းရှင်းလင်းလင်းမရှိသေးသလို နိုင်ငံရေးပါတီတွေ အတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို စိတ်ဝင်စားသူတွေအနေနဲ့ မြို့နယ် မရကရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ သွားကြည့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့လည်း မဲဆန္ဒရှင်စာရင်းကို ကူးယူမယ်ဆိုရင် စာတစ်မျက်နှာကို ငွေ ၂၀၀ ကျပ်နှုန်းနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

NDF အမျိုးသားဒီမိုကရေစီ အင်အားစုရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဦးသိန်းညွန့်က ရွေးကောက်ပွဲစရိတ်အတွက် ၅ သိန်း တင်ခဲ့ရပြီး၊ အခု တခါ မဲစာရင်းကူးယူဖို့ မဲဆန္ဒနယ်တစ်ခုမှာ ၁၀ သိန်းလောက်ကုန်ကျမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေကို မဲစာရင်းမိတ္တူ တစ်စုံစီပေးဖို့ တောင်းခံထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မဲရုံတွေ အများအပြား သတ်မှတ်ထားတဲ့အတွက်လည်း အင်အားနည်းတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မဲရုံကိုယ်စားလှယ်ပြည့်မီအောင် စေလွှတ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စားလှယ် ဦးဟန်ရွှေကတော့ သူတို့ ပါတီအနေနဲ့ အခက်အခဲ မရှိနိုင်ပါဘူးလို့ ပြောပါတယ်။

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လို့ ရရုံကိုယ်စားလှယ် ၃ ဦးသာဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ UDP ဥက္ကဌ ဦးသိန်းဌေးကလည်း ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်ဆံရေးခက်ခဲ ရှုပ်ထွေးနေဆဲလို့ ပြောပါတယ်။

အခုအချိန်အထိတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က တစ်ခုပြီးတစ်ခု ထုတ်လာတဲ့ စည်းကမ်းချက်တွေကိုသာ နိုင်ငံရေးပါတီတွေက လိုက်နာနေကြရပြီး နိုင်ငံရေးပါတီတွေဘက်က အခက်အခဲတင်ပြချက်တွေကိုတော့ ရွေးကောက်ပွဲကော်မရှင်ဘက်က လိုက်လျောဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောဆိုနေကြပါတယ်။