ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ကရင် အပစ်ရပ်

  • 21 စက်တင်ဘာ 2010
Peace

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်း အမှတ်အဖြစ် မြန်မာစစ်အစိုးရကို လက်နက် ကိုင်တိုက်ပွဲဝင်နေတဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) က တစ်ရက်တာ အပစ်အခတ်ရပ်စဲဖို့ ကြေညာထားပါတယ်။

KNU က တစ်ဘက်သတ် အပစ်ရပ်ခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တဲ့ ကရင်ပြည်နယ်တွင်းမှာ ဒီနေ့မှာတော့ တိုက်ပွဲဖြစ်သံ မကြားရကြောင်း KNU ဒုတိယဥက္ကဌ ဒေးဗစ်တာကပေါက ပြောပါတယ်။

တကယ်တော့ တစ်ရက်တာငြိမ်းချမ်းရေးတင်မဟုတ်ပဲ တပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရှိစေချင်ကြောင်း၊ ဒီလို ငြိမ်းချမ်းရေးမျိုး ဖြစ်ဖို့ ဆိုတာကတော့ နအဖအစိုးရအပေါ်မှာ တည်တဲ့အကြောင်း ဒေးဗစ်တာကပေါက ဘီဘီစီကို ပြောပါတယ်။

စစ်အစိုးရအနေနဲ့ ပြည်သူလူထုကို ညဉ်းပမ်းနှိပ်စက်မှုတွေ မလုပ်ဖို့၊ ပအို့အမျိုးသား အချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ဖို့ကိုလည်း ဒီနေ့မှာ ပအို့ အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ကနေပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုသွားပါတယ်။

နောက်ပြီး ရန်ကုန်တိုင်း အလုံမြို့နယ်က NLD လူငယ်တွေနဲ့ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများ ပူးတွဲပြီး ဝါဆိုသင်္ဃန်းလှူဒါန်းရင်း အခမ်းအနား ပြုလုပ်ခဲ့ကြပါသေးတယ်။ ပထမဦးဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။

အဲဒီနေ့ကို အကြောင်းပြုပြီး အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိုလည်း အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဒီလို ငြိမ်းချမ်းရေးအခမ်းအနားတွေကို ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ် အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။