မြန်မာ စစ်အစိုးရရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာကို အရေးယူဖို့ တောင်းဆို

  • 22 စက်တင်ဘာ 2010
Image caption Human Rights Watch အဖွဲ့ရဲ့ အမှတ်တံဆိပ်

မြန်မာ စစ်အစိုးရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ၊ လူသား မျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာ စုံစမ်းရေး ကော်မရှင် တစ်ခုဖွဲ့ကို အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါတို့ အပါအဝင် နိုင်ငံတကာက တစ်နိုင်ငံပြီး တစ်နိုင်ငံ ထောက်ခံ လာတာမှာ အခုတော့ အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံထဲက ဖိလစ်ပိုင်နိုင်ငံ သမ္မတ Benigno Aquino ဆီကို စာရေးပြီး ထောက်ခံပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က တောင်းဆိုလိုက်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး က လူ့အခွင့်အရေး မြှင့်တင်ရေး အာရှရေးရာ ဒါရိုက်တာ Sophie Richardson ကို ဘာကြောင့် အာဆီယံတစ်ခုလုံးကို မပြောဘဲ ဖိလစ်ပိုင် တစ်နိုင်ငံ ကိုပဲ အဓိကထား တိုက်တွန်းတာလဲလို့ မေးကြည့်တော့ မြန်မာကိစ္စကို အာဆီယံ အနေနဲ့ တိတိကျကျ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အကြိမ်များစွာ တောင်းဆိုခဲ့ကြောင်း၊ အခုတခါ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနှစ်နိုင်ငံကို အားထည့်ပြီး တောင်းဆိုတယ်လို့ ဆိုပါတယ်။

ဒီနှစ်နိုင်ငံက ဒီမိုကရေစီ နည်းလမ်းတကျ ဖွဲ့စည်းထားတဲ့ အစိုးရတွေက နိုင်ငံကို ဦးဆောင်နေပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ကိစ္စတွေနဲ့လည်း ပြောဆိုဖူးတာတွေ ရှိပါတယ်။

ဖိလစ်ပိုင် သမ္မတဆိုရင် သူသမ္မတတာဝန် စတင် ထမ်းဆောင်တော့ တရားမျှတမှု မရှိဘဲ အမျိုးသား ပြည်လည် စည်းလုံးရေးက မဖြစ်နိုင်ဘူးလို့ ပြောထားတာ ရှိပါတယ်။

ပြစ်မှု ကျူးလွန်ထားသူကို အပြစ်မပေးဘဲ ထားမယ်ဆိုရင် ထပ်ခါတလဲလဲ ကျူးလွန်နေမှာ ဖြစ်တာကြောင့် အာဆီယံမှာ ဖိလစ်ပိုင်က ဦးဆောင်ပြီး နိုင်ငံတကာ စုံစမ်း ရေး ကော်မရှင်ဖွဲ့ဖို့ ထောက်ခံ နိုင်ပါလိမ့်မယ်လို့ အာရှရေးရာ ဒါရိုက်တာက ဆိုပါတယ်။

အာဆီယံက အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေး ဝင်မစွက်တဲ့ မူတစ်ခုက ရှိနေတော့ အခုဖိလစ်ပိုင်က ဦးဆောင်လုပ်မယ့် ကိစ္စက ဖြစ်နိုင်ဖို့ အလားအလာ ဘယ်လောက် ရှိပါသလဲလို့ ဆိုတဲ့အခါ အာဆီယံ နိုင်ငံတွေ ထဲမှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တို့လို အစိုးရတွေက ဒီမိုကရေစီ နည်းလမ်းတကျ အစိုးရတွေ ဖြစ်တာကြောင့် တခါတခါ အာဆီယံထဲမှာလည်း သဘောထားတွေက အမျိုးမျိုး ရှိနိုင်ပေမဲ့ မြန်မာအစိုးရကို အရေးယူနိုင်ဖို့က နိုင်ငံစုံက ထောက်ခံမှုတွေ လိုကြောင်း အရေးကြီးတာက တရားမျှတမှုကို မြင်ချင်သလား၊ လျစ်လျူရှုမှာလား နှစ်ခုထဲက တခုရွေးသင့်ကြောင်း Sophie Richardson က ရှင်းပြခဲ့ပါတယ်။

မြန်မာ စစ်အစိုးရဟာ ဒေသတွင်းနိုင်ငံတွေက ပြောတာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာက ပြောတာပဲဖြစ်ဖြစ် နားထောင်လေ့ မရှိတော့ ဒီတစ်ခါရော အခုလို တောင်းဆိုတာတွေ၊ ကော်မရှင်ဖွဲ့ဖို့ လုပ်တာတွေဟာ ဘယ်လောက် အောင်မြင် နိုင်ပါမလဲလို့ မေးကြည့်တော့ သူမက စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဆောင်ရွက်နေတဲ့ ကိစ္စက အခု ချက်ချင်း လက်ငင်း လုပ်ရမယ့်ကိစ္စပါ၊ အနာဂတ်ရေး အတွက် ဖြစ်နိုင်ခေျ ရှိလောက်တယ် ဆိုပြီး မှန်းဆ လုပ်နေတဲ့ ကိစ္စ မဟုတ်ပါဘဲ အခုလုပ်ရမယ့် ကိစ္စ ဖြစ်ကြောင်း ၊ အုပ်ချုပ်နေတဲ့ စစ်အစိုးရ အုပ်စုကြား ဗိုလ်ချုပ်တွေကြား အခုလို ဗိုလ်ချုပ်မှူးကြီး လုပ်ကိုင်နေတဲ့ လူသား မျိုးနွယ်ကို ဆန့်ကျင်တဲ့ ကိစ္စတွေ လုပ်ကိုင်နေတာတွေ ဖိနှိပ်တာတွေကို သူတို့ဟာ သူတို့ ရှောင်ဖယ် မလုပ်ဘဲ နေကြဖို့ လိုကြောင်း၊ ဒါမှမဟုတ်ဘဲ အလိုတူ အလိုပါ ဆက်လုပ်နေမယ် ဆိုရင်တော့ နောက်ပိုင်းမှာ ပြန်ပေးဆပ်ရမယ့် တန်ဖိုးဟာ သိပ်ကြီး သွားနိုင်ပါတယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီး ဘာတွေ ဆက်လက် လုပ်ကိုင်သွားဖို့ ရှိလဲလို့ မေးကြည့်တော့ တခြား နိုင်ငံတွေက အစိုးရ အရာရှိတွေ၊ ဥရောပ၊ အာဖရိက၊ လက်တင်အမေရိက က အစိုးရတွေနဲ့လည်း ဆက်လက် ပြောဆိုဆွေးနွေးသလို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အလေးထားတဲ့ နိုင်ငံတွေ အားလုံးနဲ့ ဆွေးနွေးပြီး စုံစမ်းရေး ကော်မရှင်ဖွဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Sophie Richardson ပြောပါတယ်။