ကချင် ကိုယ်စားလှယ်တွေ ဘာကြောင့် ပယ်ချခံရတာလဲ

  • 21 စက်တင်ဘာ 2010

ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကနေ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ခဲ့ ကြတဲ့ KSPP ကချင် ပြည်နယ် တိုးတက်ရေး ပါတီက ကချင် ခေါင်းဆောင် (၁၄) ယောက်ကို ရွေးကောက်ပွဲ ကော်မရှင်က ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင် ခဲ့ပေမဲ့ အကြောင်း ပြချက် တော့ တစုံတရာ မပေးခဲ့ ပါဘူး။

ပြီးခဲ့တဲ့လက ဝန်ကြီး ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့က မြစ်ကြီးနား မြို့ကို ရောက် လာပြီး KSPP ဥက္ကဌ ဒေါက်တာ တူးဂျာနဲ့ တွေ့ဆုံ ခဲ့စဉ်က နယ်ခြားစောင့် တပ် အသွင် ကူးပြောင်းရေးကို လက်ခံမယ် ဆိုရင် ပါတီ မှတ်ပုံတင်ခွင့် ပေးမယ်လို့ ပြောခဲ့တဲ့ အကြောင်း KSPP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတူးရော်က ပြောပါတယ်။

Image caption ပါတီထောင်ခွင့်မရ တဲ့ အပြင် တသီးပုဂ္ဂလ အဖြစ်လည်း ရွေးကောက်ပွဲ ဝင်ခွင့်မရ

KIO ဒုတိယ ဥက္ကဌဟောင်း ဖြစ်တဲ့ ဒေါက်တာ တူးဂျာ ခေါင်းဆောင်တဲ့ အဖွဲ့က ကချင်ပြည်နယ် တိုးတက်ရေး ပါတီ KSPP အဖြစ် ထူထောင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ ပေမဲ့ ပါတီ ဖွဲ့ခွင့် မရလို့ တစ်သီး ပုဂ္ဂလ ကိုယ် စားလှယ် အဖြစ် နဲ့သာ ဝင်ဖို့ လျှောက်ထား ခဲ့ ကြပါတယ်။ အဲဒီ အခါလည်း ထပ်ပြီး အငြင်းခံရ ခဲ့ကြရ တာ ဖြစ်ပါတယ်။

KSPP ဟာ ကေအိုင်အို နဲ့ ဆက်စပ်နေ တယ်လို့ မြန်မာ အစိုးရ ဘက်က ယူဆတာက တစ် ကြောင်း၊ ကချင်ပြည်နယ် အတွင်းမှာ ကချင်လူထုရဲ့ ထောက်ခံအား မြင့်မား မှု ကြောင့် အစိုးရ ရဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အရေးနိမ့် မှာကို စိုးရိမ်တာက တစ်ကြောင်း ကြောင့် ရွေးကောက်ပွဲ ဝင်ခွင့် မရအောင် ပိတ်ပင်တာ ဖြစ်နိုင်တယ် လို့ လည်း ဦးတူးရော်က ယူဆ ပါတယ်။

အခု လောလောဆယ် မှာတော့ မြန်မာ အစိုးရ ထိန်းချုပ်တဲ့ နယ်မြေတွေ အတွင်းမှာ (ကေအိုင်အို) အဖွဲ့ရဲ့ လှုပ်ရှား သွားလာမှု တွေကို ကန့်သတ် ပိတ်ဆို့မှုတွေ လုပ်နေတဲ့ အတွက် နိုင်ငံရေး အရ သာမက စစ်ရေး အရပါ တင်းမာမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။