မြဝတီမှာ DKBA နဲ့ မြန်မာ စစ်တပ် ထိပ်တိုက်တွေ့

  • 21 စက်တင်ဘာ 2010
DKBA
Image caption နယ်ခြားစောင့်တပ်ဖွဲ့ဖို့ DKBA တပ်တချို့ လက်မခံ

အင်္ဂါနေ့ညနေက DKBA တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် နဲ့ မြန်မာ စစ်တပ် အကြား အခြေအနေတွေ တင်းမာခဲ့ပြီး မြဝတီမြို့ ရဲစခန်းကို ဝိုင်းထားတဲ့ DKBA တပ်ကို မြန်မာ စစ်တပ်က ပြန်ဝိုင်းထားခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

အခုအခါမှာတော့ ရဲစခန်းကို ဝိုင်းထားတဲ့ DKBA တပ် ပြန်လည် ဆုတ်ခွာ သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက DKBA တပ်ရင်း ၉၀၇ က ဗိုလ်ကျော်သက်က ဂျပန်ကျ တပတ်ရစ်ကားတွေကို ပြည်တွင်းမှာ လိုင်စင်လုပ်ဖို့ ယူချသွားရာမှာ မြဝတီနဲ့ ကော့ကရိတ် အကြား အလယ်ဗိုလ်တဲ ဆိုတဲ့ နေရာမှာ သက်ဆိုင်ရာက ဖမ်းဆီး သိမ်းဆည်းပြီး မြဝတီ ရဲစခန်းမှာ လာရောက် အပ်နှံသွားခဲ့ပါတယ်။

ဗိုလ်ကျော်သက်က သွားပြန်တောင်းရာမှာ ပြန်မပေးတဲ့အတွက် ညနေပိုင်း လက်နက်ကိုင် ၂၀ကျော် ပါတဲ့ DKBA တပ်က မြဝတီ ရဲစခန်းကို သွားဝိုင်းခဲ့ပါတယ်။

ရဲစခန်းက ပြန်ခုခံဖို့ အသင့်ပြင်ထားသလို DKBA တပ်ရဲ့ နောက်မှာ မြန်မာ စစ်တပ်က ပြန်ဝိုင်းထားခဲ့ရာကနေ အခြေအနေတွေ တင်းမာသွားခဲ့ရတာပါ။

DKBA နဲ့ တခြားငြိမ်းချမ်းရေး အဖွဲ့တွေအနေနဲ့ နယ်ခြားစောင့်တပ်အဖြစ် လက်မခံ သေးတာမျိုးတွေ ရှိနေတဲ့အတွက် မြန်မာ အစိုးရဖက်က အခုလို ဖိအားပေးပြီး တင်းတင်း မာမာ ဆက်ဆံခဲ့တာလို့ ယူဆရကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။