တရုတ်က မြန်မာကို ဘာကြောင့် ငွေအများကြီး ချေးသလဲ

  • 23 စက်တင်ဘာ 2010
တရုတ်မြန်မာ ခေါင်းဆောင်များ
Image caption တရုတ်မြန်မာ ခေါင်းဆောင်များ

စက်တင်ဘာလ ပထမပတ် အတွင်း ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံ သွားရောက်ပြီး တရုတ်သမ္မတနဲ့ ဆွေးနွေးပြီးတဲ့နောက် အမေရိကန် ဒေါ်လာ ၄ဒသမ၂ ဘီလျံ ငွေထုတ် ချေးခဲ့ပါတယ်။ ရွေးကောက်ပွဲ ကာလမတိုင်မီ အခုလို အတိုးမဲ့ငွေ အမြောက်အမြား ချေးတာဟာ အစိုးရဌာနတွေ အနေနဲ့ ငွေစာရင်းရှင်းဖို့ လုပ်နေချိန်မျိုးမှာ တိုက်ဆိုင်နေလို့ ဝေဖန်မှုတွေ ထွက်နေပါတယ်။

ဒါဟာ အပြီးသတ်တော့မယ်လို့ ပြောနေတဲ့ အစိုးရအနေနဲ့ ငွေတွေလက်ခံလိုက်လို့ စဉ်းစဉ်းစားစားလုပ်တာ ဟုတ်ရဲ့လားလို့ စီးပွားရေးပညာရှင် ဦးဇော်ဦးက သံသယရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ သယံဇာတ အရင်းအမြစ်တွေ အများအပြားရောင်းချထားပြီး အရံငွေကြေး အလုံအလောက်ရှိလို့ အခုလို ငွေချေးစရာတောင် လိုမယ်မထင်ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

အခုငွေတွေကို လာမဲ့နိုဝင်ဘာလ မတိုင်မီမသုံးနိုင်တဲ့အတွက် လက်ရှိအစိုးရဟာ ရွေးကောက်ပွဲ နောက်ပိုင်းလည်း ပိုနေမြဲကျားနေမြဲသဘော သက်ရောက်နေတယ်လို့ ဦးဇော်ဦးကသုံးသပ်ပါတယ်။

တရုတ်ဘက်ကတော့ လောင်စာအတွက် သဘာဝဓါတ်ငွေ့အတွက် စိတ်ချရအောင် အရင်းစိုက်ထုတ်တာ ဖြစ်နိုင်ပေမဲ့ မြန်မာဘက်ကတော့ လူထုအကျိုးရှိအောင် စီမံကိန်းချပြီး စနစ်တကျ သုံးဖို့ လိုလိမ့်မယ်လို့လည်း သူကဆက်ပြောပါတယ်။

အနှစ်၃၀ အတိုးမဲ့ချေးငွေကို ရေအားလျှပ်စစ်၊ လမ်းတံတား၊ မီးရထား စတဲ့စီမံကိန်းတွေမှာ သုံးမယ်လို့ သိရပေမဲ့ ဒါဟာမလိုအပ်ဘဲ တရုတ်သြဇာ လွှမ်းမိုးမှုခံတာလို့ စီးပွားရေးသမားတယောက် ကပြောကြားသွားပါတယ်။