ဦးသုဝေရဲ့ မဲဆွယ် မိန့်ခွန်း စာမူ အပယ်ခံရ

  • 23 စက်တင်ဘာ 2010

နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေပြီး မဲဆွယ်စည်းရုံးဖို့ အတွက် နိုင်ငံရေးပါတီတွေက စာမူတွေကို ရွေးကောက်ပွဲကော်မရှင်ဆီမှာ တင်ကြရာမှာ ဒီမိုကရက်တစ်ပါတီ( မြန်မာ) ရဲ့ စာမူကို ရွေးကောက်ပွဲ ကော်မရှင်က လက်မခံပဲ ပယ်ချလိုက်ပါတယ်။

Image caption ဒီမိုကရက်တစ်ပါတီရဲ့ မဲဆွယ်မိန့်ခွန်း ခွင့်ပြုချက်မရ

ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဦးသုဝေအနေနဲ့ သူ့မိန့်ခွန်းကို နေပြည်တော်မှာ သွားပေးရတဲ့အကြောင်း၊ နေပြည်တော်က ပြန်မရောက်ခင်မှာပဲ တယ်လီဖုံးနဲ့ လှမ်း အကြောင်းကြားချက်အရ အဲဒီမိန့်ခွန်းကို လက်မခံဘူးလို့ သိရတဲ့အကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

အခုတော့ ဦးသုဝေက နောက်တကြိမ် ပြင်ရေးပြီး နောက်တစ်ခေါက် နေပြည်တော်ကို သွားနေတဲ့အကြောင်း ဒေါ်သန်းသန်းနုက ပြောပါတယ်။

ဦးသုဝေရဲ့ မိန့်ခွန်းကို ပယ်တဲ့နေရာမှာ ဘာ့ကြောင့် ပယ်တယ်ဆိုတာ သူမသိရသေးတဲ့အကြောင်း၊ ကန့်သတ်ထားတဲ့ အချက် တွေနဲ့ငြိစွန်းလို့ အပယ်ခံရတာလို့ တော့ အကြမ်းဖျဉ်း သိရတဲ့အကြောင်း၊ ကော်မရှင်က ပယ်ရတဲ့ အကြောင်းတွေကို စာနဲ့ ရေးပို့လိုက်မယ်လို့ ဆိုပေမယ့် မရသေးလို့ မသိရတဲ့ အကြောင်း ဒေါ်သန်းသန်းနုက ပြောပါတယ်။

ပါတီတွေ ရုပ်မြင်သံကြားနဲ့ ရေဒီယိုက ၁၅ မိနစ်စီ မဲဆွယ် ခွင့်ရပေမယ့် အစိုးရ နဲ့ တပ်မတော်ကို ထိခိုက်ပြီး မပြောရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးတွေလည်း ရှိနေပါတယ်။

ဒီမိုကရက်တစ်ပါတီအနေနဲ့ မဲဆွယ်တဲ့ ကြော်ငြာတွေ လက်ကမ်းစာစောင်တွေ ထုတ်ဝေတုန်းကလည်း သတိပေးခံခဲ့ရတာတော့ ရှိခဲ့ဖူးပါတယ်။ ငွေဒဏ်ပေးဆောင်ရမယ် ဆိုတာမျိုး သတိပေးခံရဖူးပေမယ့် နောက်ဆုံးတော့ ဒဏ်ငွေ မဆောင်ခဲ့ရတဲ့ အကြောင်း ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပြသွားပါတယ်။