စစ်အစိုးရ ရဟတ်ယာဉ်ကို KIO က သတိပေးပစ်ခတ်

  • 23 စက်တင်ဘာ 2010

KIO ရဲ့ လိုင်ဇာ ဌာနချုပ်ကို ချဉ်းကပ်လာတဲ့ နအဖ စစ်အစိုးရ ရဟတ်ယာဉ်တစ်စင်းကို KIO ဘက်က ပစ်ခတ်ခဲ့ပါတယ်။

Image caption မြေကတုတ်ကျင်းတွေ ပြင်နေတဲ့ KIA တပ်သားတွေ

ကြာသပတေးနေ့ နေ့လယ် ၁ နာရီလောက်တုန်းက လိုင်ဇာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ နမ့်စမ်ဆိုတဲ့ နေရာကို ချဉ်းကပ်လာတဲ့ အစိုးရ စစ်ရဟတ်ယာဉ်ကို KIO ဘက်က သတိပေးတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ချဉ်းကပ်လာတဲ့ ရဟတ်ယာဉ် ကတော့ တစုံတရာ မတုန့်ပြန်ဘဲ လှည့်ပြန်သွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း စစ်ရဟတ်ယာဉ်တစ်စီး လိုင်ဇာနားကို ချဉ်းကပ် ပျံသန်းလာခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရသူ ဦးဆင်ဝါးက ရဟတ်ယာဉ် ရောက်တယ် ဆိုတာကတော့ အတည်ပြုနိုင်တဲ့အကြောင်း ပစ်တာခတ်တာကိုတော့ အတည်ပြုချက် မပေးနိုင်သေးတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလောက်အထိ ရဟတ်ယာဉ် နီးနီးကပ်ကပ် ချဉ်းကပ်လာတာ ကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တဲ့အကြောင်း ဦးဆင်ဝါးက ပြောပါတယ်။

ရဟတ်ယာဉ်ရဲ့ အနေအထားက ပစ်ခတ်ဖို့ လာတာ မဟုတ်လောက်တဲ့အကြောင်း၊ သတင်း ထောက်လှမ်းရေး သဘော လာတာ ဖြစ်နိုင်တဲ့ အကြောင်း ဦးဆင်ဝါးက ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်အစိုးရဘက်က တစုံတရာတုန့် ပြန်ပြောဆိုလာတာတော့ မရှိသေးပါဘူး။

နယ်ခြားစောင့်တပ်ဖွဲ့ရေး နဲ့ လက်နက်စွန့်ရေး ညှိနှိုင်းမှုတွေ မပြေလည်နိုင်ကြတဲ့ စစ်အစိုးရနဲ့ KIO ကြား ဆက်ဆံရေးမှာ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား သတ်မှတ်ပေးထားပြီး နောက်ပိုင်း ဒါဟာ ပထမဦးဆုံး အကြိမ် သေနတ်သံကြားရတာ ဖြစ်ပါတယ်။

ဆက်ဆံရေးတွေ တင်းမာနေချိန်မှာ အခုလို စစ်ရဟတ်ယာဉ် ချဉ်းကပ်တာတွေ ရှိလာတော့ ဒေသခံ လူထုကြားမှာ သတိထားစရာတွေ ဖြစ်လာနေတယ်လို့လည်း ဦးဆင်ဝါးက ပြောပါတယ်။