စည်းကမ်းသစ်ကြောင့် ကုန်သယ်ခတိုးဖွယ်ရှိ

  • 24 စက်တင်ဘာ 2010

မြန်မာနိုင်ငံမှာ ကုန်တင်ကားတွေကို လာမယ့် လဆန်းကစပြီး ကုန်တန်ချိန်တွေ ပိုမတင်ရဘူးဆိုပြီး ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဌာနက သတ်မှတ်လိုက် ပါတယ်။

အခုလို သတ်မှတ်လိုက်တာကြောင့် ကုန်စည်ဈေးနှုန်းတွေ ပိုတက်လာနိုင်တယ်လို့ ကားလုပ်ငန်းရှင်တွေက ပြောပါတယ်။

Image caption ကုန်တင်ကားမှာ ကုန်ပိုတင်မရလို့ ကုန်သယ်ယူခစျေးနှုန်းတွေ တက်လာဖို့ရှိ

မော်လမြိုင်က ကားလုပ်ငန်းရှင်တစ်ဦးက ကုန်တင်ချိန်သတ်မှတ်ပုံကို ရှင်းပြရာမှာ ကုန်ကော ယာဉ်ကော အပါအဝင် ၁၂ ဘီး ကား က ၂၅ တန်၊ ၁၀ ဘီးကား က ၂၁ တန်၊ ၆ ဘီး က ၁၆ တန် အဲသလို သတ်မှတ်တဲ့အကြောင်း၊ လောလောဆယ်မှာတော့ ကုန်တင်ကားတွေက ၁၂ ဘီးကား က တန် ၅၀၊ ၁၀ ဘီးကား က ၄၂ တန် တင်နေတဲ့ အကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

အခုလို ကုန်တင်ချိန် ပြောင်းလဲ သတ်မှတ် လိုက်တဲ့အတွက် ကုန်တင်စရိတ်တွေ ပိုတောင်းရမလို ဖြစ်နေတဲ့အကြောင်း ဥပမာ သံလျင်တံတားဆိုရင် အခု ၁၂ ဘီး ဆိုရင် လက်ရှိက ၂၇၀၀၀ ကျပ် ဖြတ်သန်းခ ကောက်တဲ့အကြောင်း၊ တရားဝင်ကောက်ခံရမှာက ၆၀၀၀ ကျပ်ပဲ ဖြစ်ကြောင်း၊ ဒီလို ယူတာတွေကို လျှော့သင့်တဲ့ အကြောင်း၊ ဓါတ်ဆီဖိုး အလုပ်သမား စရိတ်ပါဆိုရင် ကားသမားက အိပ်ထဲက စိုက်ရမလို ဖြစ်နေတဲ့အကြောင်း ကားလုပ်ငန်းရှင်က ပြောပါတယ်။

ကုန်ဈေးနှုန်းတက်လာမှာမြင်လို့ တချို့ကုန်သည်တွေက ကုန်တွေကို ထုတ်မရောင်းတော့ဘဲ ကုန်တွေကို လှောင်တဲ့သူက လှောင်ထားနေကြပြီလို့လည်း သူက ပြောပါတယ်။

အခုလို ကုန်တင်ကားတွေ ကုန်တင်ချိန်သတ်မှတ်လိုက်တာဟာ အာစီယံနိုင်ငံတွေနဲ့ တပြေးညီဖြစ်အောင် သတ်မှတ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကားဝယ်ရတဲ့ ဈေးနှုန်းကလည်း ကြီးမြင့်၊ လမ်းတံတားကြေးကလည်း အာစီယံနိုင်ငံတွေထက် အဆမတန်မြင့်တက်နေတဲ့အတွက် အစိုးရအနေနဲ့ ဒါတွေကို ပြင်ပေးသင့်တဲ့အကြောင်း ကားလုပ်ငန်းရှင်ကပဲ ထောက်ပြသွားပါတယ်။