ပါတီမဲဆွယ် မိန့်ခွန်းများ ကော်မရှင် ပယ်

  • 24 စက်တင်ဘာ 2010

နိုင်ငံရေးပါတီတချို့ စက်တင်ဘာလ ၂၄ ရက် သောကြာနေ့က စလို့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားက မဲဆွယ်စည်းရုံးခွင့်တွေ စပြီး ရနေချိန်မှာ တချို့ပါတီတွေကတော့ သူတို့ရဲ့ ဟောပြောချက် စာမူတွေမှာ ငြိစွန်းသော ရေးသားချက်တွေ ပါဝင်နေတယ်ဆိုပြီး ကော်မရှင်က ပယ်ချခဲ့ပါတယ်။

Image caption မလိုအပ်ပဲ အချိန်ကုန်အောင် လုပ်နေတာလို့ ဦးအေးလွင်က ယူဆ

အခုအထိ ဒီမိုကရက်တစ် ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် နဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ယူဒီပီ တို့ရဲ့ စာမူတွေ ပယ်ချခံလိုက်ရပါတယ်။

ဒီလို ပယ်တဲ့နေရာမှာလည်း ဘယ်အချက်တွေက ငြိစွန်းတယ်ဆိုတာ တိတိကျကျ မပြောတဲ့ အတွက် ပြင်ပေးရတာ အခက်အခဲရှိတယ်လို့ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်က ဘီဘီစီကို ပြောပါတယ်။

နေပြည်တော်က ကော်မရှင်ရုံးကို အကျိုးအကြောင်းမေးမြန်းဖို့ ရောက်သွားတော့လည်း ကော်မရှင် လူကြီးတွေ သန့်ရှင်းရေး လုပ်နေတယ်ဆိုပြီး ရုံးပိတ်ထားလို့ တွေ့ခွင့် မေးခွင့်မရဘူးလို့ ဦးအေးလွင်က ပြောပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ယူဒီပီကတော့ ဒီလို ကော်မရှင်က ပယ်လိုက်တဲ့ အတွက် သူတို့ပါတီအနေနဲ့ ရုပ်မြင်သံကြားက ဟောပြောချက်တွေ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

Image caption ဒီမိုကရက်တစ်ပါတီက ဦးသုဝေရဲ့ မိန့်ခွန်းလည်း အပယ်ခံခဲ့ရ။

ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးက ရုပ်မြင်သံကြားကနေ တစ်နိုင်ငံလုံးကို တိုက်ရိုက် ပြောကြားခွင့် အခွင့်အရေး လက်လွှတ်လိုက် ရတယ်လို့ ဆိုနိုင်ပေမယ့် ရွေးကာက်ပွဲ မကျင်းပခင် ကာလမှာ အခုလို ဟောပြောခွင့် တွေကိုတောင် ဆင်ဆာဖြတ် ပိတ်ပင်နေရင် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု ရှိနိုင် မရှိနိုင် ဆိုတာကို ပြည်သူတွေ သဘောပေါက် နိုင်အောင် ပြသချင်တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်း သတ်မှတ်ချက်တွေ နဲ့ နိုင်ငံရေး ပါတီတစ်ခုကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားက ၁၅ မိနစ်စီ ဟောပြော စည်းရုံးခွင့် ပေးထားတာ ဖြစ်ပါတယ်။

ဟောပြောမယ့် စာမူကိုလည်း တစ်ပတ်ကြိုတင်ပြီး ကော်မရှင်ကို တင်ပြရပါတယ်။ ကော်မရှင်က စီစစ်ပြီးမှ ခွင့်ပြု မပြု ဆုံးဖြတ်ပေးပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပထမဆုံး ရုပ်မြင်သံကြားက စည်းရုံးဟောပြောခဲ့ပါတယ်။