အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မတက်

  • 24 စက်တင်ဘာ 2010

အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတအိုဘားမားတို့ သောကြာနေ့ နယူးယောက် မြို့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

သမ္မတ အိုးဘားမားနဲ့ တွေ့ဆုံဆွေးနွေးဖို့ တခြား အာဆီယံ နိုင်ငံတွေက သမ္မတတွေ ဝန်ကြီးချုပ်တွေ တက်ရောက် ကြပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး အဆင့်သာ တက်ရောက်မှာ ဖြစ်ပါတယ်။

အခုလို ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးကြမှာဖြစ်လို့ နားထောင်ရုံ နားထောင်ဖို့ နိုင်ငံခြားရေး ဝန်ကြီးကိုသာ စေလွှတ်ခဲ့တာလို့ သြစတြေးလျ နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အခုအခါ Centre for Strategic and International Studies CSIS မှာ ထိပ်တန်း အဖွဲ့ဝင် အဖြစ်ဆောင်ရွက်နေတဲ့ Mr Wiryono Sastrohandoyo ဝါရယိုနို ဆတ်စ်ထရိုဟန်ဒိုယိုက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေတက်လာရင် သူ့ကို အားလုံးက ဝိုင်းဝေဖန်ကြမှာပဲလို့ သူကပြောပါတယ်။

အမေရိကန်အစိုးရက ထိုင်းမြန်မာနယ်စပ်မှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအတွက် အကူအညီတွေပေးဖို့ စိတ်ဝင်စားမှုရှိတယ်လို့ ဆိုပေမယ့် အခုလို နိုင်ငံခြားရေးဝန်ကြီးကိုပဲ လွှတ်တာကို ကြည့်ရင် လောလောဆယ် စိတ်ဝင်စားပုံ မရဘူးလို့ဆိုပါတယ်။

ဒီဆွေးနွေးပွဲကနေ အာဆီယံနဲ့ အမေရိကန်ကြား မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ တူညီတဲ့ သဘောထား ရှိလာဖို့ မမြင်ဘူးလို့လဲ မစ္စတာ ဆတ်စ်ထရို ဟန်ဒိုယိုက ပြောပါတယ်။