ခလရ ၂၆ ရိက္ခာ မလုံလောက်

  • 25 စက်တင်ဘာ 2010
burma army
Image caption မြန်မာစစ်တပ် ရိက္ခာ မလုံလောက်

ခလရ ၂၆ ကလည်း ရိက္ခာမလုံလောက်လို့ မကျေနပ်

ပဲခူးတိုင်း တောင်ငူမြို့မှာ အခြေချ တဲ့ ခလရ ၂၆ တပ်ထဲမှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ပြဿနာ ကြုံနေရလို့ လက်အောက်ခံတပ်သားတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

အခုလို အောက်ခြေတပ်သားတွေ မကျေမနပ် ဖြစ်ကြရတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး ခလရ ၂၆ က တပ်သားတစ်ဦး က တပ်ရင်း ရဲဘော်မိသားစု တွေ စားနပ်ရိက္ခာ မလုံလောက်တာကို ဖြေရှင်းပေးဖို့ တပ်ရင်းမှူးကို တင်ပြတဲ့အခါ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်သူ က ကိုယ့်ဖါသာကိုယ် ဆန္ဒပြတောင်းဆိုကြလို့ ပြောတဲ့အတွက် သူတို့အနေနဲ့ အထက်ကို ဆက်ပြီး တင်ပြ ထားတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

ရဲဘော်တွေဟာ အထက်က ပေးတဲ့အမိန့်အတိုင်း ရှေ့တန်းမှာ တာဝန် ကျေအောင် တိုက်ခိုက် ခဲ့ကြပေမယ့် မိခင်တပ်ရင်း ပြန်ရောက် ချိန်မှာ မိသားစုတွေဟာ စားနပ်ရိက္ခာ မလုံလောက်ပဲ အခြေအနေကလည်း အများကြီး ဆိုးဝါးခဲ့တဲ့အကြောင်း လစာ တိုးမြှင့် ပေးပြီးတဲ့နောက်မှာ ကြက်သွန်နီ၊ ဆား ငါးပိ မလုံလောက်တဲ့ အကြောင်း ဆန်နဲ့ပဲ ကလည်း နည်းနည်းပဲ ရရှိလို့ အခုလို ဆန္ဒ ထုတ်ဖေါ် ရတာဖြစ်ကြောင်း သူတို့ လိုပဲ အခြား တပ်ရင်း တစ်ရင်းဖြစ်တဲ့ ခလရ ၃၉ မှာလည်း အခုလိုပဲ ဖြစ်နေတဲ့အကြောင်း အဲဒီ ခလရ ၂၆ က တပ်သားကပဲ ဘီဘီစီကို ပြောပါတယ်။

သူတို့တပ်ရင်း ဘေးနားမှာရှိတဲ့ တိုင်းထောက်လှမ်းရေးတပ် ကို ကြတော့ ယူနီဖေါင်း စားနပ်ရိက္ခာ အပြည့်အစုံချပေးတဲ့အကြောင်း ဘာပြုလို့ တပ်ရင်းတွေ အခုလို အခွင့်အရေး မညီမျှတာလည်း ဆိုတာတော့ သူမသိတဲ့ အကြောင်း ဒါကြောင့်မို့ လူထုကသာ လမ်းပေါ်ထွက် ဆန္ဒပြမယ်ဆိုရင် ပူးပေါင်း ဆန္ဒပြကြမယ်လို့ ရဲမေတွေကပါ တောင်းဆို နေကြတဲ့အကြောင်း ကိုလည်း ပြောပြပါတယ်။

တကယ်တော့ အခုလို တပ်ထဲမှာ ဘာပြုလို့ ရိက္ခာတွေ ဖြတ်တောက် ထားရသလဲဆိုတာ ရှင်းပြခြင်း မရှိသေး သလို စားဝတ်နေရေး ကြပ်တည်းလို့ ဘဏ်စုငွေ ထုတ်ပေးဖို့ တောင်းဆို ပြန်တော့လည်း ထုတ်မပေးပြန်ပါဘူး။ မကျေနပ်လို့ အထက်ကို တိုင်တဲ့အခါ အထူးအခွင့်အရေး ရထားတဲ့ တပ်တွေနဲ့ စေါင့်ကြည့် ခြင်းကို ခံရပြန်ပါတယ်။ မတတ်သာတဲ့အဆုံး အာဏာ ဖီဆန်မှုနဲ့ တောင်းဆိုတော့လည်း အမျိုးမျိုး ဖိအားပေး လှည့်စား ခံရပြီး အရေးယူ ခံရပြန်ပါတယ်။