သံဃာတော် တွေအပေါ် တင်းကြပ်မှုတွေ ပိုလုပ်လာ

  • 26 စက်တင်ဘာ 2010
သံဃာတော်များ ဆန္ဒပြနေစဉ်
Image caption သံဃာတော်များ ဆန္ဒပြနေစဉ်

စက်တင်ဘာ သံဃာ့ အရေးအခင်းမှာ သေဆုံးမှုတွေ ရှိခဲ့ပေမယ့် သံဃာနဲ့လူ ဘယ်လောက်အထိ သေဆုံးခဲ့တယ် ဆိုတာကိုတော့ ဒီကနေ့အထိ အတိအကျ မသိနိုင်သေးပါဘူး။

ပြည်တွင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ စစ်အစိုးရဖမ်းဆီးထားတဲ့ သံဃာတော်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကလည်း သံဃာ့နှစ်ပတ်လည်နေ့မှာ ရေဒီယိုတွေ ဖြန့်ဝေပေးခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြည်တွင်းတာဝန်ခံဆရာတော် အရှင်မေဓါဝီက ရွှေဝါရောင် ၃ နှစ်မြောက်သွားတဲ့ ကြားထဲမှာ အာဏာပိုင်တွေဟာ သံဃာတော်တွေကို အမြဲတန်း စေါင့်ကြည့်နေတဲ့အကြောင်း တနယ်နဲ့တနယ် တကျောင်းကတကျောင်း ကူးတာကအစ ပိုပြီးတော့ ကြပ်တည်းမှုတွေ ရှိလာနေတယ်လို့ဘီဘီစီကို မိန့်တော်မူပါတယ်။

ဒီလို တင်းကြပ်မှုတွေ ချုပ်ချယ်မှုတွေဟာ ရန်ကုန်၊ စစ်တွေ၊ ပခုက္ကူနဲ့ မန္တလေးမှာတော့ အဓိက တင်းကြပ်တဲ့နေရာတွေဖြစ်တဲ့အကြောင်း၊ ဥပမာ သံဃာတွေ စာပေကိစ္စလိုကိစ္စမျိုးနဲ့သွားလို့လာလို့ ကျောင်းတွေမှာ တည်းခိုမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် သံဃာ့နာယကကတဆင့် စစ်ဆေးမေးမြန်းတာ ကျောင်းမှာ တည်းခိုဖို့မပေးရအောင် အာဏာပိုင်တွေက ဖိအားပေးမှုတွေ ရှိနေတဲ့အကြောင်း ဆရာတော် က မိန့်ပါတယ်။

သဃာ့အရေးအခင်းနောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေရဲ့ အကျဉ်းထောင်တွင်းအခြေအနေကို သံဃာတော်တွေနဲ့နိုင်ငံရေးအမှုတွေမှာ ရှေ့နေလိုက်ပေးခဲ့ပြီး ကိုယ်တိုင်လည်း ၄ လ အကျဉ်းကျခဲ့တဲ့ ရှေ့နေ ဦးအောင်သိန်းက ထောင်ထဲမှာ သံဃာတွေအတွက် ထူးခြားတဲ့အခွင့်အရေးတော့ မရှိတဲ့အကြောင်း သံဃာတော်တွေက ရဟန်းသိက္ခာချလိုက်တာမဟုတ်ဘဲ ရဟန်းအဖြစ်နဲ့ဆက်ပြီး ရှိနေသေးရဲ့နဲ့ အကျဉ်းထောင်ထဲမှာ သင်္ကန်းရုံခွင့်မပေးတာနဲ့ပတ်သက်ပြီး အင်္ဂလိပ်ခေတ်တုန်းကတော့ အကျဉ်းထောင်ထဲမှာ ဆက်ပြီး သင်္ကန်းခြုံခွင့် ပေးခဲ့တယ်လို့ သူ ကြားဖူးတဲ့အကြောင်း ဒီဘက်နောက်ပိုင်းမှာကျတော့ စပြီးဖမ်းကတည်းကိုက ရဟန်းတော်တွေက သိက္ခာ ချချ မချချ လူဝတ်လဲပေးပြီး တရားစွဲထောင်ချတဲ့အကြောင်း ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။