ပတ္တနိက္ကုဇ္ဇန တိုးမြှင့်ကံဆောင်

  • 26 စက်တင်ဘာ 2010
Monks
Image caption စစ်သားတွေကို ရှိခိုးနေတဲ့ သံဃာများ

သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းတာကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ သုံးနှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းပြည်ပမှာ ဆန္ဒပြပွဲ၊ ဆုတောင်းပွဲ တွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ လုံခြုံရေး တင်းကြပ် ထားတဲ့ ကြားထဲက စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခံရပြီး သံဃာတော်တွေပျံလွန်ခဲ့တဲ့ အဓိကနေရာတွေမှာ ပန်းခွေချခဲ့ကြပါတယ်။

ရွှေတိဂုံဘုရား အရှေ့ဘက်၊ ဆူးလေဘုရား အဝိုင်းအနီး၊ တောင်ဥက္ကလာပမြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ ပန်းခွေချခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့ ကျောင်းတိုက်တတိုက်ရဲ့ သိမ်ထဲမှာလည်း သံဃာ ၂၄ ပါးက ကမ္မဝါ ရွတ်ဖတ်ပြီး ပတ္တနိက္ကုဇ္ဇနကံ တိုးမြှင့်ကံဆောင်ခဲ့ကြပါတယ်။

ဒီဆောင်ရွက်ချက်တွေကို သာတုဇနဘိက္ခူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ၊ သံဃာ့ကိုယ်စားလှယ်အဖွဲ့နဲ့ သံဃာ့တပ်ပေါင်းစုတို့က ဦးဆောင်ပြုလုပ်ခဲ့ကြ တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလည်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ သံဃာ့လှုပ်ရှားမှု နောက်ပိုင်းမှာ ပြည်ပရောက်သံဃာတော်တွေကို မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနဲ့ ပီနန်ဆရာတော်ကြီး ဦးပညာဝံသတို့ ဦးစီးတည်ထောင်ခဲ့ကြတဲ့ သာသနာ့ ဦးသျှောင်အဖွဲ့ရဲ့ အိန္ဒိယဌာနခွဲက ဦးဆောင်ပြီး ဂျန်တားမန်တားပန်းခြံမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။